ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၃)

ယောဆရာတော်ဘုရားကြီး

ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၃)
? ? ??? ??? ? ??? ? ?
၁၄။ နာမည်ကောင်းရဖို့ခက်တယ်
***************************************
လူတစ်ယောက်နာမည်ကောင်းရဖို့ဆိုတာ
အချိန်ယူပြီးတော့ စိတ်ကောင်းလေးတွေနဲ့၊
အရင်းအနှီးများစွာ စိုက်ပြီး
ကြိုးစားယူရတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ လူမရှိတော့ဘူး၊
နာမည်လေးကမွှေးပြီး ကျန်ရစ်တယ်၊
နာမည်ကောင်း ကျန်ခဲ့တယ်၊
ကောင်းကျိုးပြု ဘဝမှတ်တိုင်
စိုက်ထူနိုင်ခဲ့တယ်။
နာမည်ပျက်ရဖို့လွယ်တယ်
***************************************
မကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့
လွယ်လွယ်လေးရယ်၊
အခုမဟုတ်တာ ချက်ချင်းထလုပ်စမ်းပါ၊
ချက်ချင်းနာမည်ပျက်ရော။
အဲဒီပုဂ္ဂိုလ်တွေကျတော့၊
လူတောင်မသေရသေးဘူး၊
နာမည်ကသေသွားပြီ၊
ဘယ်သူမှ အယုံအကြည်မရှိတော့ဘူး၊
ဘယ်နေရာမှ အသုံးမဝင်တော့ဘူး၊
ဘယ်သူမှ အားမကိုးတော့ဘူး။
လူတော့ မသေသေးဘူး၊
နာမည်က သေသွားလို့။
၁၅။ ဘာအားကိုးမလဲ
***************************************
ကိုယ့်ခန္ဓာအခက်အခဲ ကိုယ်ပဲဖြေရှင်းရမှာ၊
နောက်ဆုံးဘယ်သူ့ကို အားကိုးမလဲ၊
အဖြေထွက်ပြီးပါပြီ၊ တရားပဲ။
ပညာရှိသူတော်ကောင်းစတဲ့ ပုဂ္ဂိုလ်တွေက
လမ်းညွှန်ချက်ပေးရုံပေးနိုင်တယ်၊
တကယ့်အရေးကျတော့
လက်ဆွဲကယ်မှာ မဟုတ်ဘူး။
နောက်ဆုံးကယ်တင်ရှင်ကို ရှာလိုက်တော့
မိမိတစ်ယောက်တည်း သွားတွေ့ရတယ်၊
ပညာရှိသူတော်ကောင်းတွေထံက
လမ်းညွှန်ချက်အတိအကျ၊
အပြည့်အဝ ရထားတဲ့
မိမိတစ်ယောက်ထဲသာ တွေ့ရတယ်။
မိမိအနေနဲ့လဲ အားကိုးစရာ
ရှာလိုက်ပြန်တော့၊ တရားကလွဲရင်
ဘာတစ်ခုမှ ကျန်မှာမဟုတ်ဘူး။
၁၆။ တရားပျားရည်
***************************************
? ချမ်းသာလိုချင်ရင်
တရားပျားရည်စုမှ ဖြစ်မယ်၊
? ဒါနပျားရည်၊ သီလပျားရည်၊
သမာဓိပျားရည်၊ ဝိပဿနာပျားရည်၊
? ချိုမြိန်ကောင်းမြတ်တဲ့
တရားပျားရည်ကို
စုဆောင်းဖေါ်ထုတ်နိုင်မှ ချမ်းသာမယ်။
အဲသလိုနဲ့ ...
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊
ဓမ္မံသရဏံ ဂစ္ဆာမိ၊
သံဃံသရဏံ ဂစ္ဆာမိ ဆိုတဲ့
ပန်းသုံးပွင့်ရှိရာ ချဉ်းကပ်၊
ပန်းဝတ်ရည်စုတ်၊
တရားပျားရည် ထုတ်လုပ်ဖို့ပါ။
အဲသလိုပုံစံနဲ့ သွားကြမယ်ဆိုရင်၊
အိမ်တိုင်းဟာ တရားပျားရည် ထုတ်လုပ်တဲ့ ပျားအုံကြီးတွေပဲ ဖြစ်မှာပေါ့။
၁၇။ တရားနာတယ်ဆိုတာ
***************************************
တချို့လူတွေ၊ ရိပ်သာတွေသွား၊
တရား အားထုတ်ကြ၊ အချိန်စေ့လို့ ပြန်လာ၊
တရားတွေ ရိပ်သာထဲ ထားပစ်ခဲ့ကြတယ်၊
အိမပွါမလာဘူး။
အိမ်ရောက်တော့ ခါတိုင်းအတိုင်းပဲ
နေလိုက်ပြန်တာပဲ။
တရားပွဲသွား၊ တရားနာကြ၊
တရားပွဲပြီးတော့၊
တရားကို တရားပွဲမှာ
ထားပစ်ခဲ့တယ်၊ အိမ်ပါမသွားဘူး။
တကယ်တော့ တရားလာနာကြတယ်ဆိုတာ
အလုပ်သဘော မသိသေးတာသိဖို့၊
သိပြီးသားကို သတိတွေ ပေါ်လာဖို့၊
နိုးကြားလာဖို့၊ တက်ကြွလာဖို့၊
အဲဒီ အသိတရားကို ဘဝလုပ်ငန်းခွင်ထဲမှာ
အကုန်ထည့်သုံးဖို့ပဲ။
တရားနာတယ်ဆိုတာ၊
ကိုယ့်အတွက်လုပ်ငန်းစဉ် ကျန်ခဲ့ရမှာ။
တရားလက်လွတ်သွားရင်
***************************************
စိတ်ဆိုတာ၊ တရားလက်လွတ်သွားရင်၊
မောဟအမှောင်ထဲကို ဝင်ခိုတယ်၊
အမှောင်ထဲ ဝင်ခိုသွားတာနဲ့ တစ်ပြိုင်နက်၊
စိတ်ဟာမှောင်တယ်၊
မှောင်တော့မိုက်ပါရော။
မိုက်တော့ရိုင်းပါရော၊
ရိုင်းတော့ရမ်းကားတယ်၊
ရမ်းကားတော့ ဒုက္ခရောက်တယ်၊
ကိုယ်နဲ့ဆက်စပ်သူတွေပါ
အကုန်ဒုက္ခရောက်တယ်။
၁၈။ မအားသူများ
***************************************
စားဝတ်နေရေး၊ စီးပွားရေး၊
လူမှုရေးတွေနဲ့ လုံးချာလည်လိုက်နေလို့၊
ကုသိုလ် မလုပ်အားသေးဘူး၊
တရားကိုလည်း အားမထုတ်သေးဘူး၊
အားရတယ်ကို မရှိဘူးနဲ့
သူတို့မှာ ခြူသံပါအောင်
ညည်းနေကြတယ်။
အမှန်တော့ မအားတာမဟုတ်ပါဘူး၊
အချိန်မယူတတ်တာပါ၊
တရားဆိုတာ အချိန်ကို
ယူတတ်အောင်လို့ အချိန်ပေးတာပါ။
မနားသူများ
***************************************
အချို့ပုဂ္ဂိုလ်တွေ၊
ရုပ်ကတော့ အနားယူတယ်လေ၊
စိတ်ကနားမှ မနားဘဲနှင့်။
စိတ်က အတိတ်နဲ့အနာဂတ် ရောထွေးပြီး
ထောင်းထုနေတာပဲ၊
ရုပ်ကသာနားတာ၊ စိတ်မနားဘူး။
လူကြည့်လိုက်တော့လည်း
ငုတ်တုတ်ကြီးထိုင်လို့၊
အနားယူလို့၊ စိတ်က မနားဘူး။
၁၉။ ဘယ်သူမှမအားဘူး
***************************************
ဘဝခန္ဓာထမ်းဆောင်နေတဲ့သူ၊
ဘယ်သူမှမအားပါဘူး၊
အဲဒီအထဲက ရအောင်ယူကြလို့သာ
တရားအလုပ်ချိန်ဆိုတာ ပေါ်လာကြတာပါ။
မအားဘူးဆိုတဲ့ အချိန်တွေ
အားလာတာတွေ့ရမယ်၊
တရားအထိန်းကောင်းရင်
အားတဲ့အချိန် ပေါ်လာလိမ့်မယ်။
တစ်မိနစ်လုပ်ရမယ့်အလုပ်၊
တစ်မိနစ်နဲ့ပြီးအောင် လုပ်နိုင်လာလိမ့်မယ်၊
ငါးမိနစ်နဲ့ပြီးအောင် လုပ်ရမယ့်အလုပ်၊
ငါးမိနစ်နဲ့ ပြီးလိမ့်မယ်။
အလကားအလုပ်မဖြစ်စေနဲ့
***************************************
တရားက အိမ်အလုပ်တွေမလုပ်ကြနဲ့၊
အကုန်လုံးရိပ်သာသွားကြ၊
ဘုရားကျောင်းကန် သွားကြလို့
ဘယ်သူ့ကိုမှ မပို့ပါဘူး။
လုပ်ပါ၊ ခန္ဓာရှိနေတာပဲ။
ဘဝလုပ်ငန်းခွင်ထဲမှာ
အသိလေးကိုထည့်ပေးပါ၊
နေ့စဉ်လုပ်နေတဲ့ အလုပ်ကို
အလကားအလုပ်ဖြစ်မသွားပါစေနဲ့၊
စွမ်းအားကို အပြည့်ယူထားပါ။
လုပ်နေကျ အလုပ်ကို ဆက်လုပ်မြဲလုပ်ပါ၊
စားဝတ်နေရေးကို ခါတိုင်းအတိုင်းပဲ
ဆက်လုပ်ပါ။
သို့သော် အသိလေးတော့ ထည့်ပေးပါ၊
ကုန်သွားတဲ့အထဲက မကုန်တာကျန်ခဲ့ပါစေ။
 
အရှင်သိရိန္ဒာဘိဝံသ
{တိပိဋကဓရ ယောဆရာတော်ဘုရားကြီး}
တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက
(ယောဆရာတော်)
ဩဝါဒပဒေသာများ
⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ယောဆရာတော်ဘုရားကြီး
04-23-2023