ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၁)

ယောဆရာတော်ဘုရားကြီး

ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၁)
? ? ??? ??? ? ??? ? ?
၁။ ကြောက်စရာအကောင်းဆုံးသတ္တဝါ
****************************************
ကြောက်စရာအကောင်းဆုံးသတ္တဝါ
ဘယ်သူလဲလို့ ရှာကြည့်စမ်းပါ၊
တရားကင်းကွာသော
ဒေါသနှလုံးသားပိုင်ရှင်ဖြစ်သောလူသည်
လောကမှာ ကြောက်စရာ
အကောင်းဆုံးသတ္တဝါပါ။
လူသည် တရားကင်းကွာသွားပြီဆိုရင်၊
ဒေါသ အပူအခိုးငွေ့ ကိန်းသွားပြီဆိုရင်
တိရစ္ဆာန်ထက်တောင်မှ ကြောက်စရာအဖြစ်
ရောက်သွားတတ်ပါတယ်၊
လူကြောင့်ဖြစ်သော အန္တရာယ်သည်
လောကမှာ အကြီးမားဆုံးပါ။
၂။ ချစ်စရာအကောင်းဆုံးသတ္တဝါ
***************************************
လောကမှာ ချစ်စရာအကောင်းဆုံး၊
အားကိုးစရာအကောင်းဆုံး၊
မြတ်နိုးစရာအကောင်းဆုံး၊
ဘယ်သူလဲလို့ ရှာလိုက်ပြန်တော့ လူပါ၊
မေတ္တာနှလုံးသားပိုင်ရှင်ဖြစ်သောလူသည်
လောကမှာ ချစ်စရာ၊ မြတ်နိုးစရာ၊
အားကိုးစရာအကောင်းဆုံး။
၃။ အကြီးမားဆုံးသောဆွဲအား
***************************************
မေတ္တာတရားသည် လောက၏
အကြီးမားဆုံးသောဆွဲအားဖြစ်၏၊
ရာပေါင်းများစွာ ထောင်ပေါင်းများစွာ
စုပေါင်းနေကြသည့်တိုင်၊
မည်သည့်ပြဿနာမှ မဖြစ်အောင်၊
တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်စွာ
နေနိုင်အောင် ဆောင်ရွက်ပေးနိုင်သော
စွမ်းအား (ဆွဲအား)သည်
မေတ္တာတရားသာလျှင် ဖြစ်၏။
၄။ အကြီးမားဆုံးသောခွဲအား
***************************************
ဒေါသတရားသည်၊ လောက၏
အကြီးမားဆုံးသော ခွဲအားဖြစ်၏၊
သွေးသားရင်းချာပင်ဖြစ်စေ၊
ခင်မင်ရင်းနှီးသော လူနှစ်ယောက်ကိုပင်
ခွဲပစ်နိုင်သော စွမ်းအား(ခွဲအား)သည်
ဒေါသတရားသာလျှင် ဖြစ်ပေတော့သည်။
၅။ မေတ္တာဟူသည်
***************************************
မေတ္တာဟူသည်၊ ဘာသာပေါင်းစုံတို့ရဲ့၊
တစ်ခုတည်းသော ပေါင်းဆုံရာတရား၊
လောကမှာ ဘယ်ဘာသာမဆို
မေတ္တာကို မလိုချင်တဲ့ ဘာသာမရှိဘူး၊
ဘာသာအားလုံးသည်
မေတ္တာကို လက်ခံတယ်၊
မေတ္တာတရားကို မြတ်နိုးတယ်။
မေတ္တာဆိုတာ လူမျိုးပေါင်းစုံတို့ရဲ့
တစ်ခုတည်းသော ပေါင်းဆုံရာတရား၊
ကမ္ဘာမှာ ဘယ်လူမျိုးမဆို၊
မေတ္တာမလိုချင်တဲ့ လူမျိုးရယ်လို့ မရှိပါဘူး၊
လူမျိုးတိုင်း လူမျိုးတိုင်းသည်၊
မေတ္တာတရားကို မြတ်နိုးကြတာချည်းပါပဲ။
မေတ္တာတရားဆိုတာ သတ္တဝါအားလုံးတို့ရဲ့
တစ်ခုတည်းသောပေါင်းဆုံရာတရား၊
ဘယ်သတ္တဝါမဆို မေတ္တာမလိုချင်တဲ့
သတ္တဝါမရှိပါဘူး။
တိရစ္ဆာန်တွေကအစ၊
မေတ္တာသိပ်လိုချင်ကြတာပေါ့၊
သတ္တဝါတိုင်းသည် မေတ္တာကို
မြတ်နိုးကြတာချည်းပါပဲ။
မေတ္တာတရားလက်ကိုင်ထားကြရင်၊
ဘာသာအားလုံး အတူတကွ
ချမ်းမြေ့စွာ ပေါင်းဆုံနိုင်မယ်၊
လူမျိုးအားလုံး တစ်မျိုးနဲ့တစ်မျိုး
ပျော်ရွှင်ချမ်းမြေ့စွာပေါင်းဆုံနိုင်မယ်၊
သက်ရှိသတ္တဝါတွေအားလုံး
ကြည်လင်အေးချမ်းစွာနဲ့
အတူတကွ ပေါင်းဆုံရာဖြစ်တဲ့
တစ်ခုတည်းသော ပေါင်းဆုံရာ
တရားဟာ မတ်ေတာတရားပါပဲ။
၆။ မေတ္တာနှလုံးသားပိုင်ရှင်များ
**************************************
မေတ္တာနှလုံးသားပိုင်ရှင်များ ကြည့်ရတာ
ဘယ်တော့မှ ထုံထုံထိုင်းထိုင်းကြီးမဟုတ်ဘူး၊
တက်တက်ကြွကြွ၊ နိုးနိုးကြားကြား
ရွှင်ရွှင်လန်းလန်း၊ သန့်သန့်ရှင်းရှင်း၊
အေးအေးမြမြ၊ စစ်မှန်စင်ကြယ်တဲ့
နှလုံးသားနဲ့။
? ကိုယ့်ကိုကိုယ်လဲ အလှဆင်လို့
? အများကိုလည်း အလှဆင်လို့
? လောကကိုလည်း အလှဆင်လို့
? သာသနာကို အလှဆင်ပြီးမှ...
? အေးချမ်းစွာ စွမ်းအားကို
? ဆောင်ရွက်ပြုလုပ်
အားထုတ်တတ်ပါတယ်။
 
အရှင်သိရိန္ဒာဘိဝံသ
{တိပိဋကဓရ ယောဆရာတော်ဘုရားကြီး}
တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက
(ယောဆရာတော်)
ဩဝါဒပဒေသာများ
⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုအောင်လင်း(ခ)ကိုကိုပြုံး
ယောဆရာတော်ဘုရားကြီး
04-23-2023