မြတ်သော ရှာခြင်း

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)

မြတ်သော ရှာခြင်း…
 
မနေ့ညနေက ကိုးရီးယားဒကာ ၄-ယောက် ကျောင်းရောက်လာကြတယ်။ တစ်ယောက်က ဆရာတော် ဦးသီလာနန္ဒရဲ့ အဘိဓမ္မာတပည့်ဟောင်းပါ။ သူတို့နေတာက တောင်ကိုးရီးယားပါ။ တက်ဆပ်စ်ပြည်နယ်, ဒါးလပ်စ်မြို့က သူတို့ ကိုးရီးယားကျောင်းကို လာလည်တာတဲ့။ အမေရိကားရောက်တုန်း အာဗွီ(RV)ကားကြီး ငှားပြီး အမေရိကားမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ လိုက်ဖူးနေကြတာ။
 
များသောအားဖြင့် လူတွေဟာ နိုင်ငံခြားရောက်ရင် sightseeing တွေပဲ သွားကြတာ။ သူတို့ကတော့ အဲသလို မဟုတ်ဘူးဗျ။ ဘုန်းကြီးကျောင်းတွေ ရှာပြီး, ဘုရားဖူး၊ ဆရာတော်တွေ ကန်တော့ကြတယ်။ ခေါင်းဆောင်လုပ်သူက ၂၀၀၃-ခုနှစ်, ဆိုးလ်မှာ ဆရာတော်ဦးသီလာနန္ဒ အဘိဓမ္မာသင်တန်းပြတုန်းက ဦးဆောင်ခဲ့တဲ့ သူပါ။ ၂၀၀၅-ခု ဆရာတော် နေမကောင်းဖြစ်တော့ ပျံတော်မမူခင် ဇူလိုင်လလောက်မှာ သူလာဖူးသေးတယ်။ အဲဒါပြီး မတွေ့ကြတော့ဘူး။ မတွေ့တာလဲ ကြာ, မက်စ်ကလဲ အုပ်ထားတော့ မနေ့က သူ့ကို တွေ့တွေ့ချင်း မမှတ်မိဘူး။ သူက မက်စ်ချွတ်ပြီး ပြန်ပြောပြမှ မှတ်မိတယ်။
 
ရောက်ပြီး ဘုရားခန်းထဲမှာ စကားပြောကြပြီးတော့, သူတို့ သိချင်တာလေးတွေ မေးပါတယ်။ သူတို့က ဓမ္မကို လေ့လာလိုက်စားနေသူတွေမို့ ဆရာတော်တွေနဲ့ တွေ့တုန်း တခြားစကားမပြောဘဲ သိချင်တဲ့ တရားတွေကိုပဲ မေးပါတယ်။ တစ်နာရီလောက် ဆွေးနွေးကြပြီးတော့ သူတို့လဲ ဇွန်းမှာ သင်တန်းတွေ လေ့လာနေပါတယ် တဲ့။ အဲဒိသင်တန်းမှာ တစ်ပတ် တစ်ရက်လောက် သင်ပြပေးပါဆိုလို့ လက်ခံ လိုက်ပါတယ်။ သူတို့က ကျောင်းမှာ တစ်ညအိပ်သွားကြတယ်။ ဒီကနေပြီး ကာမဲလ်(Carmel)ကို ခရီးဆက်သွားကြမယ် တဲ့။
 
သံသရာမှာ ခရီးသွားတုန်း တချို့ကတော့ အပျော်ကာမကို ရှာကြတယ်။ တချို့ကတော့ ဘဝသစ်တွေကို ရှာကြတယ်။ တချို့ကတော့ ဓမ္မအသိကို ရှာကြတယ်။ “ချစ်သားတို့… သင်တို့ ဘယ်လို ထင်သလဲ၊ ကာမကို ရှာတာနဲ့ ဓမ္မကို ရှာတာ, ဘယ်ဟာက မြတ်သလဲ?”
ဒီစကားလေးကို သူတို့ ကောင်းကောင်း သိထားပုံ ရပါတယ်....။
 
အရှင်ဩသဓ
 
ဇွန်လ ၂-ရက်၊ ၂၀၂၂-ခုနှစ်။

 

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)
06-02-2022
Facebook