လှူကထိန် မြတ်ဒါနနဲ့ နိဗ္ဗာန ရွယ်ရည်

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)

?????????
 
နေရာတိုင်း သည်ကာလ
ခင်းလိုက်ကြ ဘုံကထိန်…
တနှစ်မှာ တစ်ခါခင်းမို့
ပြိုင်ကျင်းလို့ သူနိုင်ကိုယ်နိုင်…
စေတနာ သုံးဖြာညီ
ကြည်ဖြူသည် စိတ်ထား…
အမတာ နိဗ္ဗာနန်းကို
လှမ်းတက်ဖို့ ဗျား…
နိုဝင်ဘာလမှာ မိုးက ရွာခဲပါတယ်။ ဟော... ဒီနေ့တော့ ရွာတောင့်ရွာခဲ မိုးလေးက တစိမ့်စိမ့်နဲ့ဗျ။ မိုးတစိမ့်စိမ့်ကြားကပဲ မနက်ဖြန် ကျုပ်တို့ ဓမ္မာနန္ဒကျောင်း ကထိန်ပွဲအတွက် ဝေယျာဝစ္စများ ဒီနေ့တော့ အလုပ်ရှုပ်ကြတာပေါ့ဗျာ…။ ချက်သူ ချက်၊ ပြင်သူ ပြင်၊ ဆင်သူ ဆင်၊ ရှင်းသူ ရှင်း၊ ခင်းသူ ခင်း... အစုံပေါ့လေ။
တကယ်တော့ သူတို့က ဒီနေ့မှ ရှုပ်တာမဟုတ်ဘူးဗျ။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကတယ်လို့ ဝိက်ကင်းတိုင်း သူတို့အိမ်တွေမှာ လူစုပြီး ပဒေသာပင်တွေ ပြင်ဆင်ကြပါတယ်။ အိုင်ဒီယာအမျိုးမျိုးနဲ့ ဒီဇိုင်းကာလာ ဘာညာတွေလဲ ရွေးကြသတဲ့။ သူ့ဟာကိုယ့်ဟာ လက်စွမ်းပြဖို့ အပြိုင်လဲ ကြိုးစားကြ ဆိုသကိုး…။ မိမိသူတပါး နှစ်ဦးသားလုံး မထိခိုက်သောပြိုင်ခြင်းမို့ အပြစ်မရှိသော ပြိုင်ဆိုင်ခြင်းလို့ ဆိုရမှာပေါ့ဗျာ…။
မြန်မာပြည်က ဆရာတော်တစ်ပါးကတော့ ပြောတယ်… “တို့ဆီမှာတော့ ကထိန်ဆိုရင် အသံချဲ့စက်တွေ အပွင့်ပေါင်း များစွာတပ်ပြီး သူ့ကထိန် ကိုယ့်ကထိန် မိုင်ကုန်တင် အပြိုင်ဖွင့်ကြတာဟေ…၊ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေ အတော့်ကို ဒုက္ခရောက်သဟ”တဲ့…။ ဒီလို အပြိုင်မျိုးကတော့ သူတပါးတွေ ဒုက္ခပေးတဲ့အပြိုင်မျိုးမို့ အပြစ်ရှိတယ် ပြောရမယ်။ ဒါမျိုးက ဘုရားမကြိုက်… နတ်မကြိုက်ပါ။ ကျုပ်တို့ ဆီမှာတော့ နားအေး ပါးအေး တိတ်တိတ်ဆိတ်ဆိတ်မို့ စိတ်ချမ်းသာပါသဗျ…။
သူတို့ကတော့ ရှေးအချိန်များစွာက ကြိုတင်ပြီး စုဆောင်းကြ၊ ကျောင်းသုံးလိုအပ်တာလေး လှူကြ၊ လှူတဲ့ပစ္စည်းလေးတွေကိုလည်း ကြည်ညိုဖွယ်ရာ ကိုယ်တိုင် ပြင်ဆင်ကြပါတယ်…။ နက်ဖန်ဆိုရင် စေတနာသုံးတန် ပြဓာန်းလို့ အမတာ နိဗ္ဗာန်နန်းကို ရည်မှန်းပြီး လှူဒါန်းကြပါတော့မယ် တဲ့…။
သူတို့လုပ်တဲ့ ဒါနမျိုးကတော့ ပါယာသိနတ်သားကြီးရဲ့ အမှာစကားအတိုင်း ပြောရရင်…
၁။ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ တက်တက်ကြွကြွ လှူဒါန်းကြလို့ သက္ကစ္စဒါနလို့လဲ ဆိုနိုင်တယ်…။
၂။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်လှူဒါန်းကြလို့ သာဟတ္ထိက ဒါနလို့လဲ ခေါ်နိုင်တယ်…။
၃။ အလှူဝတ္ထုပစ္စည်းတွေကို ရိုရိုသေသေနဲ့ အဆန်းတကျယ် ပြင်ဆင်ပြီး လှူဒါန်းကြလို့ စိတ္တီကတဒါနလို့လဲ ပြောနိုင်တယ်…။
၄။ မလိုချင်တဲ့ပစ္စည်းကို လွှင့်ပစ်သလိုမျိုး မဟုတ်ပဲ မွန်မြတ်ရာရာကို အလေးအမြတ်ထား၍ လှူဒါန်းကြလို့ အနပဝိဒ္ဓဒါနလို့လဲ မှတ်ယူနိုင်တယ်…။
ထိုကဲ့သို့သော ဒါနမျိုးကို စာပေမှာတော့ ပဏီတဒါန= အမြတ်စားဒါနလို့ ခေါ်ပါတယ်။ ဒီအမြတ်စား ပဏီတဒါနမျိုးကို ပြုလုပ်ကြသူတို့လည်း အမြတ်ဆုံးဖြစ်တဲ့ အမတသုခကို ရနိုင်ကြစေကြောင်း ဆုတောင်းလိုက်ရပါသဗျာ…
 
အရှင်ဩသဓ
 
နိုဝင်ဘာ ၅-ရက်၊ ၂၀၂၂-ခုနစ်။

 

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)
11-05-2022
Facebook