ဗောဇ္ဈင်ခုနှစ်ပါး

မဟာစည်ဆရာတော်ကြီး

♦#ဗောဇ္ဈင်ခုနစ်ပါးတရားတော် (အပိုင်း-၁)♦
•••••••••••••••••••••••••••••••••••••••••••••••••
သစ္စာလေးပါးသိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင် လို့ခေါ်တယ်။

ဒီအကြောင်းအင်္ဂါတွေနဲ့ ပြည့်စုံရင်

(၁) သစ္စာလေးပါးကို သိမြင်တဲ့
အရိယာပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်။
နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်တယ်။

(၂) ရောဂါဝေဒနာတွေလည်း
ပျောက်ကင်းသွားနိုင်တယ်။

ကာယိကရောဂါလည်းပျောက်နိုင်တယ်
စေတသိကရောဂါ(ကိလေသာ)လည်း
ပျောက်ကင်းသွားနိုင်တယ်။

လို့ ဘုရားရှင်က မိန့်ကြားတော်မူခဲ့တယ်။

အရှင်မဟာကဿပ နဲ့ အရှင်မောဂ္ဂလန် မကျန်းမမာဖြစ်တဲ့အခါ မြတ်စွာဘုရားရှင် ဟောကြားတဲ့ ဗောဇ္ဈင်တရားကို နာကြားပြီး ကျန်းမာသွားတယ်။

မြတ်စွာဘုရားရှင်ကိုယ်တိုင် မကျန်းမမာဖြစ်တုန်းကလည်း အရှင်သာရိပုတ္တရာရဲ့ညီတော် အရှင်စုန္ဒမထေရ်ကို ဗောဇ္ဈင်တရား ဟောခိုင်းပြီး ဘုရားရှင်ကနာယူတယ်။နာယူပြီးအဆုံးမှာ ဘုရားရှင် ကျန်းမာသွားတယ်။

ပရိတ်ကြီး(၁၁)သုတ်မှာပါတဲ့ ဗောဇ္ဈင်သုတ်နဲ့ မတူဘူး။ မူရင်းသုတ္တန်က သံယုတ်ပါဠိတော်မှာပါတာ။ အခု အဲဒိ မူရင်းဗောဇ္ဈင်သုတ်ကိုဟောမှာ။ ဗောဇ္ဈင်တရား(၇)ပါးရှိတယ်။

၁။ #သတိသမ္ဗောဇ္ဈင် ဆိုတာက
ရှုမှတ်တဲ့အာရုံ၌ အမှတ်ရမှုသဘော

၂။ #ဓမ္မဝိစယသမ္ဗောဇ္ဈင်
အမှားအမှန်ကို စီစစ်သုံးသပ်တဲ့သဘော (ဉာဏ်ပညာ)

၃။ #ဝီရိယသမ္ဗောဇ္ဈင်
လုံ့လကြိုးကုတ်အားထုတ်တဲ့သဘော

၄။ #ပီတိသမ္ဗောဇ္ဈင်
နှစ်သက်ဝမ်းမြောက်တဲ့သဘော

၅။ #ပဿဒ္ဓိသမ္ဗောဇ္ဈင်
ကိုယ်စိတ်နှစ်ပါးငြိမ်းအေးတဲ့သဘော

၆။ #သမာဓိသမ္ဗောဇ္ဈင်
စိတ်တည်ငြိမ်တဲ့သဘော

၇။ #ဥပေက္ခာသမ္ဗောဇ္ဈင်
အညီအမျှရှုတတ်တဲ့သဘော

အမှန်တကယ်တော့ ဝိပဿနာတရားတွေ ရှုမှတ်ပွါးများနေရင် ဗောဇ္ဈင်တရားတွေ ပွါးပြီးသား ဖြစ်သွားတယ်။

ဗောဇ္ဈင်တရားကို မပွားဘဲနဲ့၊ ကိုယ့်သန္တာန်မှာ ဗောဇ္ဈင်(၇)ပါး ဖြစ်အောင် မလုပ်ဘဲနဲ့ နိဗ္ဗာန်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှမရှိပါဘူး။

ပါရမီအရင့်အမာပုဂ္ဂိုလ်တွေကတော့ တရားနာရင်းနဲ့ ဗောဇ္ဈင်(၇)ပါးပြည့်စုံပြီး အရိယာဖြစ်သွား တာမျိုး ဘုရားရှင်လက်ထက်က ရှိဘူးတယ်၊ အခုအချိန်အခါမှာတော့ မရှိဘူး။

ဒါကြောင့်မို့ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် တရားအားထုတ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ယောဂီဆိုရင်....

ဒီဗောဇ္ဈင်တရားတော်ကို သေသေချာချာ နာယူမှတ်သား လိုက်နာကျင့်သုံးဖို့လိုတယ်။ အင်မတန်ကောင်းတဲ့ အလုပ်ပေးတရားဖြစ်တယ်။

မူရင်းစာအုပ်က size အကြီးတောင် အထူက တစ်လက္မကျော်တယ်။ အခု post (အပိုင်း-၁)မှ (အပိုင်း-၄)အထိက အများကြီးအကျဉ်းချုံး ထားတာပါ။ အရေးကြီးတဲ့ အချက်တွေတော့ ထည့်နိုင်သမျှ ထည့်ထားပါတယ်။

-------------------

♦၁။ #သတိသမ္ဗောဇ္ဈင်♦
••••••••••••••••••••••••••••••
တရားရှုမှတ်တဲ့အခါ သတိရှိမှ မှတ်လို့ရတာ၊
သတိလစ်သွားတာနဲ့ အမှတ်တွေကလည်း လွတ်
လွတ်သွားတာပဲ၊ အမှတ်ကျဲတာ သတိနည်းလို့၊
သတိမြဲရင် မှတ်အားတွေပိုကောင်းမယ်၊
သမာဓိတွေတက်မယ်၊ ဉာဏ်တွေတက်မယ်။

ဥဒယဗ္ဗယဉာဏ်ရောက်တဲ့အခါ မှတ်စရာအာရုံနဲ့
မှတ်သိစိတ်တည့်အောင် အထူးကြောင့်ကြစိုက်
စရာမလိုတော့ဘူး၊ သတိအားတွေကောင်းလာတယ်၊ အဲဒီလို

ထက်သန်ထင်ရှားစွာ ဖြစ်လာတဲ့ သတိကိုပဲ
မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဖြစ်ပေါ်စေတတ်လို့
သတိသမ္ဗောဇ္ဈင် လို့ခေါ်တယ်။

သတိသမ္ဗောဇ္ဈင် ဖြစ်လာတဲ့အခါ ဖြစ်ပျက်တဲ့
ရုပ်နာမ်အာရုံဟာ မှတ်တဲ့စိတ်ထဲ၌ အလိုလိုကျ
ရောက်လာသလိုပါပဲ၊

အာရုံတစ်ခုခုကို မှတ်သိပြီးတာနဲ့တစ်ပြိုင်နက်
အခြားအာရုံတစ်ခုခုဟာ အသင့်ထင်ပေါ်လာတယ်၊

အဲဒီလို သတိသမ္ဗောဇ္ဈင်ဖြစ်ဖို့ အကြောင်းတရားလေးပါးရှိတယ်။

(၁) #သတိသမ္ပဇဉ် အမြဲယှဉ်ပါ၊
ပေါ်လာတဲ့အာရုံကို မလွတ်တမ်းမှတ်နိုင်
အောင် ဂရုစိုက်ရမယ်။

(၂) #ရှုမှတ်တဲ့အာရုံကိုစိတ်ဝင်စားပါ
အကောင်းဆုံးအဖော်ဖြစ်တဲ့တရားနဲ့ မွေ့လျော်ပါ။

(၃) #အမှတ်ကြဲတဲ့ယောဂီကိုရှောင်ပါ
ပေါင်းသင်းနေရင် အမှတ်ကြဲတဲ့အကျင့်တွေ ကူးသွားလိမ့်မယ်။

(၄) #အမှတ်စိပ်တဲ့ယောဂီနဲ့ပေါင်းပါ
ထိုင်တာ ရပ်တာ ဦးတင်တာ၊ ဦးချတာကအစ မှတ်ရတယ်။ သွားတာ လာတာ အမှတ်သတိ ရှိရတယ်။ အမှတ်စိပ်တဲ့ ယောဂီကို အတုယူမှ တရားတက်တာ။

သတိသမ္ပဇဉ်၊ အမြဲယှဉ်၊ ထိုတွင်စိတ်ညွှတ်ပါ။
မေ့သူရှောင်လွှဲ၊ သတိမြဲ၊ မှီဝဲဆည်းကပ်ပါ။
သတိပွါးရေး၊ အကြောင်းလေး၊ ညွှန်ကြားဋ္ဌကထာ။

••••••••••••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••••
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဆိုတာ ဝိပဿနာဉာဏ်ကို
ခေါ်တာ၊ ဥဒယဗ္ဗယဉာဏ်ကစပြီး ဉာဏ်စဉ်တွေရဲ့နာမည်တွေသာ ပြောင်း ပြောင်းသွားတယ်၊
#ဓမ္မဝိစယသမ္ဗောဇ္ဈင် ဆိုတဲ့နာမည်ကတော့ မပြောင်းဘူး။
ဒါကြောင့် ဓမ္မဝိစယသမ္ဗောဇ္ဈင်အပိုင်းက အလွန် ကျယ်ပြန့်တယ်၊ အင်မတန်လည်း အရေးကြီးတယ်။
ဝိပဿနာတရားတွေ အားမထုတ်ခင်ကဆိုရင် ရုပ်နာမ်တွေကို ရုပ်နာမ်လို့မသိပဲ ပုဂ္ဂိုလ် သတ္တဝါ
ငါ သူတစ်ပါး ယောက်ျား မိန်းမလို့ထင်နေတာ၊
အခုမှ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကြောင့် ရှုမှတ်နေတဲ့ယောဂီတို့ဉာဏ်မှာ အမှန်သဘောတွေကို မတွေ မဝေ ထင်ထင်ရှားရှားသိလာတယ်။
အဝိဇ္ဇာအမှောင်ထဲမှာရှိနေတဲ့အာရုံတွေကို 
ဒါ ရုပ်ပဲ၊ ဒါ နာမ်ပဲ၊ ဒါက အနိစ္စ၊ ဒါက ဒုက္ခ၊
ဒါက အနတ္တ စသည်ဖြင့် ပေါ်လွင်ထင်ရှားလာအောင် ဓမ္မဝိစယသမ္ဗောဇ္ဈင်က ဆောင်ရွက်ပေးတယ်။
 
#ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်နည်း အားဖြင့် ပညာ ရ,ကြောင်း ခုနစ်ပါးရှိတယ်၊
 
မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင်စိတ်ညွှတ်ပါ။ ဉာဏ်မဲ့ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင်နက်နဲရာ။ ဉာဏ်ဖြစ်ကြောင်းများ၊ ခုနစ်ပါး၊
ညွှန်ကြားဋ္ဌကထာ။
-----------------------
မသိတာကို မေးရတယ်၊ စိတ်ထဲမရှင်းတာကို
ဆွေးနွေးရတယ်၊ ဆွေးနွေး မေးမြန်းလိုက်မှ
သံသယကင်းသွားမယ်၊
သံသယကင်းမှ စိတ်ထဲရှင်းပြီး ယုံယုံကြည်ကြည်နဲ့ရှုမှတ်နိုင်တယ်။ စိတ်တည်ငြိမ်မှုရမယ်၊ ဝိပဿနာဉာဏ်ပညာတွေ ဖြစ်လာမယ်။
--------------------
ကိုယ်တွင်း ကိုယ်ပ မသန့်ရှင်းဘူး၊ ရှုပ်ပွနေရင်
စိတ်က မကြည်လင်တော့ဘူး၊ စိတ်ကြည်လင်မှ
စိတ်လန်းဆန်းမှ ဉာဏ်ပွင့်တာ၊ ဒါကြောင့် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံး သန့်ရှင်းဖို့လိုတယ်။
----------------------
သဒ္ဓိန္ဒြေ နဲ့ ပညိ‌‌န္ဒြေ ညီမျှရမယ်၊ သဒ္ဓါလွန်ကဲပြီး
ပညာနည်းတဲ့ယောဂီက သဒ္ဓါတရားနဲ့ မှတ်တော့
မှတ်နေတာပဲ၊
ဘာ သိလဲလို့မေးလိုက်ရင် ရုပ်မှန်း နာမ်မှန်းလည်း မသိဘူး၊ ပေါ်လိုက် ပျောက်လိုက်နဲ့ ဖြစ်ပျက်နေတာလည်း မသိဘူး၊ အနိစ္စ ဒုက္ခ အနတ္တသဘောလည်း မသိဘူး။သဒ္ဓါတရားရှိပေမဲ့ ပညာနည်းနေတာ။
ပညာလွန်ပြီး သဒ္ဓါတရားနည်းတဲ့ယောဂီကြတော့ ရှုမှတ်တာက နည်းပြီး၊ စဉ်းစားဆင်ခြင်မှုတွေက များတယ်၊
သုတမယဉာဏ်၊ စိန္တာမယဉာဏ်ကများပြီး ဘာဝနာမယဉာဏ်က အားနည်းတယ်၊ အမေးအမြန်း သိပ်ထူတယ်၊ သူ့ကိုယ်သူ အထင်ကြီးနေတော့ ပြုပြင်ပေးရတာ သိပ်ခက်တာပဲ။
ဝီရိယိန္ဒြေနဲ့ သမာဓိ‌န္ဒြေ ညီမျှဖို့လည်းလိုသေးတယ်၊ သိပ်ပြီး ကြောင့်ကြစိုက်တဲ့ယောဂီက စင်္ကြံလျှောက်မှတ်တာက မကြာသေးဘူး၊ ထိုင်မှတ်ချင်ပြန်ပြီ၊
ထိုင်မှတ်တာ မကြာသေးဘူး၊ ရပ်မှတ်ချင်ပြန်ပြီ၊ စိတ်က ဂနာမငြိမ်တော့ သမာဓိလည်းမဖြစ်၊ ဉာဏ်ပညာလည်း မဖြစ်တော့ဘူး။
ဝီရိယနည်းပြီး သမာဓိလွန်သွားတဲ့ယောဂီကျတော့ အမှတ်တွေကြဲပြီး ဘိန်းမှိန်းသလို မှိန်းနေရော၊ တချို့ယောဂီဆိုရင် အခိုက်အတံ့ သတိလစ်သလို ဖြစ်‌ပြီး အာရုံတွေပျောက်နေတတ်တယ်၊ အိပ်ပျော်သလို ဖြစ်သွားတတ်တယ်။
အဲဒီလိုအခါမျိုးမှာ အမှတ်စိပ်စိပ် မှတ်ပေးရတယ်၊ ထိုင်တယ် ထိတယ် သိတယ်၊ ထိုင်တယ် ထိတယ် ကြားတယ်၊ ထိုင်တယ် ထိတယ် နာတယ် စသည်ဖြင့် အတွဲလိုက်မှတ်ပေးရတယ်။
----------------------
ခန္ဓာ အာယတန ဓာတ် သစ္စာအကြောင်း မသိတဲ့သူ၊ ရှုနည်းမှတ်နည်း မသိတဲ့သူကို ရှောင်ကြဉ်ရတယ်၊ ပညာမဲ့သူနဲ့ပေါင်းရင် ကိုယ့်မှာ တရားတိုးတက်ဖို့ အထောက်အကူ မရနိုင်ဘူး။
အတုခိုးတာ မှားတတ်တယ်၊ နှလုံးသွင်း မှားတတ်တယ်၊ မလွှဲသာရင် ကိုယ်ပေါင်းစိတ်ခွါ လုပ်ရတယ်၊
-----------------------
ရုပ်နာမ်သဘောကို နားလည်တဲ့သူ၊ ဖြစ်ပျက်မြင် တဲ့သူ၊ ရှုနည်းမှတ်နည်း နားလည်တဲ့သူ၊ဝိပဿနာ ဉာဏ်ပညာ ရင့်ကျက်တဲ့သူ၊
ဖြစ်နိုင်ရင် မဂ်ပညာ ဖိုလ်ပညာရှိတဲ့သူတွေနဲ့ ပေါင်းသင်းရတယ်၊ ဒါမှ ကိုယ့်အတွက် တိုးတက် မှုရှိနိုင်တယ်။
---------------------------
ဗောဇ္ဈင်တရား၊ သတိပဋ္ဌာန်တရား၊ ခန္ဓာ အာယတန ဓာတ်၊ သစ္စာတရားတွေကို ဆင်ခြင်ရမယ်၊ သုံးသပ်ရမယ်၊ မသိရင် မေးရမယ်၊ လေ့လာရမယ်၊ဒါကလည်း ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ဖို့ အကြောင်းတစ်ပါးပါပဲ။
------------------------------
ဘာဝနာအလုပ်ကို စိတ်ဝင်စားပါ၊ စိတ်ပါလက်ပါ ရှုမှတ်ပါ၊ လူကသာ ရိပ်သာရောက်နေပြီး စိတ်က မိသားစုကိစ္စ အလုပ်ကိစ္စ ခဏခဏ စိတ်ကူးမနေဖို့လည်း လိုပါတယ်။
သ‌င်္ဘောများ ကျောက်ချထားသလို စိတ်ကို ကျောက်ချထားပါ၊ တရားအားထုတ်တဲ့အလုပ်ထဲမှာပဲ စိတ်ညွှတ်ထားပါ၊
 
ဒီ(၇)ပါးပြည့်စုံရင် ဥဒယဗ္ဗယဉာဏ်ကစပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ထိ ရ,နိုင်တယ်။ ဒါကြောင့်မို့ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရင့်သန် အားကောင်းဖို့ အင်မတန်အရေးကြီးပါတယ်။
 
 
••••••••••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••
မှတ်စရာအာရုံနဲ့ မှတ်သိစိတ် မလွတ်သွားရ အောင် ကြောင့်ကြစိုက်တာကို ဝီရိယသမ္ဗောဇ္ဈင် လို့ခေါ်တယ်။
သစ္စာလေးပါးကို သိမြင်တဲ့ အရိယာပုဂ္ဂိုလ်ဖြစ်ချင်ရင် လုံ့လဝီရိယ တက်တက်ကြွကြွရှိဖို့လိုပါတယ်။
 
ဝီရိယဖြစ်ကြောင်း (၁၁)ပါးရှိတယ်။
 
(၁) အပါယ်ဆင်းရဲဘေးကို ဆင်ခြင်ရမယ်။
(၂) တရားအားထုတ်ခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးကို ဆင်ခြင်ရမယ်။
(၃) ဘုရားရှင်နဲ့ အရိယာတွေလျှောက်တဲ့အကျင့်မဂ္ဂင်လမ်းစဉ်ကို ဆင်ခြင်ရမယ်။
(၄) ကျေးဇူးတုံ့ပြန်သောအားဖြင့် အကျင့်နဲ့ ကျေးဇူးဆပ်ရမယ်၊
ဥပမာ - ရဟန်းစားရသော ဆွမ်းတစ်နပ်
(၅) ဓမ္မအမွေခံယူခြင်းဖြင့် မြင့်မြတ်သော အမွေခံအဖြစ်ကို ဆင်ခြင်ရမယ်
(၆) ဘုရားရှင်ရဲ့မြင့်မြတ်ပုံကို ဆင်ခြင်ရမယ်
(၇) မိမိဟာ ဘုရားရှင်ရဲ့သားတော် သမီးတော် အဖြစ်ရောက်နေတာကို ဆင်ခြင်ရမယ်
(၈) တရားကျင့်ဖော်ကျင့်ဖက်များ ကြိုးစား အားထုတ်နေပုံကို ဆင်ခြင်ရမယ်
(၉) ပျင်းတဲ့သူကို ရှောင်ကြဉ်ရမယ်
(၁၀)ကြိုးစားအားထုတ်သူကိုပေါင်းသင်းရမယ်
(၁၁) ကြိုးစားအားထုတ်မယ်လို့ အမြဲနှလုံးသွင်း စိတ်ညွှတ်ထားရမယ်
 
အပါယ်ဘေးဆင်ခြင်၊ အာနိသင်၊ လမ်းစဉ်ရိုသေပါ။ ဆွမ်းကျိုးတုံ့ပြန်၊ မြတ်မွေခံ၊ ရှုရန်မြတ်ဆရာ။ သာကီမျိုးတော်၊ ကျင့်သုံးဖော်၊ ရှုမြှော်ဆင်ခြင်ပါ။
ပျင်းသူကိုကြဉ်၊ ဇွဲကောင်းယှဉ်၊ ထိုတွင်စိတ်ညွှတ်ပါ။ ဝီရိပွါးရန်၊ ဆယ့်တစ်တန်၊ ထုတ်ပြန်ဋ္ဌကထာ။
 
-------------------------------
••••••••••••••••••••••••••
ဒုက္ခဝေဒနာတွေကို လွှမ်းမိုးအောင် မှတ်နိုင်ပြီဆိုရင် သမ္မသနဉာဏ်ကနေပြောင်းပြီး ဥဒယဗ္ဗယဉာဏ်ကိုရောက်သွားမယ်။
ကိုယ်လည်းငြိမ်းအေး စိတ်လည်းငြိမ်းအေး၊ ကိုယ်လည်းချမ်းသာ စိတ်လည်းချမ်းသာ ဖြစ်လာမယ်။ ဝိပဿနာပီတိသုခတွေ ဖြစ်လာတာ၊ အဲဒိ ပီတိတွေဟာ ပီတိသမ္ဗောဇ္ဈင် ပဲ၊
 
ပီတိငါးမျိုးရှိတယ်။
 
၁။ အငယ်စားပီတိ - ရင်ထဲက လှိုက်ခနဲ ဖိုခနဲ၊ အသားလေးတွေ စိမ့်ခနဲ အေးခနဲ၊ တစ်ကြိမ်လောက်ပဲဖြစ်ပြီး ပျောက်သွားတဲ့ပီတိမျိုး (#ခုဒ္ဒကာပီတိ)
၂။ ခဏခဏဖြစ်တဲ့ပီတိ - အသားတွေ ဟိုကလှုပ် ဒီကလှုပ်နဲ့ ခဏခဏလှုပ်နေတာ၊ ဖြိုးဖြိုးဖျင်းဖျင်းဖြစ်ပြီး ပျောက်ပျောက်သွားတယ်၊ မကြာဘူး၊ ခဏလောက်ပဲဖြစ်တဲ့ပီတိမျိုး (#ခဏိကာပီတိ)
၃။ အလတ်စားပီတိ - ရေထဲမှာလှိုင်းစီးရသလို၊ ခန္ဓာကိုယ်ထဲမှာ လှိုင်းတံပိုးများထနေသလို၊ သိမ့်ခနဲ အေးခနဲ၊ စိမ့်ခနဲဖြစ်တဲ့ပီတိမျိုး၊ အချိန်လည်း နည်းနည်းကြာကြာဖြစ်တယ်၊ (#ဩက္ကန္တိကာပီတိ)
၄။ ဆန်းကြယ်တဲ့ပီတိ(#ဥဗ္ဗေဂါပီတိ) - အတွန်းခံလိုက်ရသလို၊ အဆွဲခံလိုက်ရသလို ဖြစ်တတ်တယ်၊ နားက အသံတွေလည်း ကြားလာတတ်တယ်။
ငိုချင်တာတို့ ရယ်ချင်တာတို့လည်း ဖြစ်တတ်တယ်၊ မျက်ရည်ကျရုံတင်မကဘူး၊ ရှိုက်ကြီးတငင် ငိုတဲ့ယောဂီတောင် ရှိတယ်။
တရားသဘောအရ ဖြစ်နေတာ၊ နိုင်အောင်မှတ်၊ ဆက်တိုက်မှတ်၊ မှတ်စိတ်က နိုင်သွားရင် ငိုချင်တဲ့စိတ် ရယ်ချင်တဲ့စိတ်က ပျောက်သွားတာပဲ၊
ဘုရားပေးတဲ့နည်းက အင်မတန်အသုံးကျတယ်၊ ပီတိသဘောတွေက အင်မတန်ဆန်းကြယ်တယ်၊ သိမထားရင် ကြောက်လာမယ်၊ လမ်းလွဲသွားပြီလားလို့ သံသယဝင်လာတတ်တယ်။
၅။ #ဖရဏာပီတိ၊ အင်မတန်အားကောင်းတဲ့ပီတိ- တစ်ကိုယ်လုံး တသိမ့်သိမ့် တငြိမ့်ငြိမ့် တစိမ့်စိမ့်ဖြစ်ပြီး ချမ်းသာနေတာ။
 
လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်ထက်သာတယ်၊ ရှုမှတ်လို့လည်းအင်မတန်ကောင်းတယ်၊ ပီတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း(၁၁)ပါရှိတယ်။
(၁) ဘုရားဂုဏ်တော် ပွါးများဆင်ခြင်ရမယ်
(၂) တရားဂုဏ်တော် ပွါးများဆင်ခြင်ရမယ်
(၃) သံဃာဂုဏ်တော် ပွါးများဆင်ခြင်ရမယ်
(၄) မိမိ သီလကို ဆင်ခြင်ရမယ်
(၅) စွန့်ကြဲပေးကမ်းလှူဒါန်းခဲ့သည်များကို ဆင်ခြင်အောက်မေ့ရမယ်
(၆) သဒ္ဓါတရား သီလတရားမရှိတဲ့သူကို ရှောင်ကြဉ်ရမယ်
(၇) သဒ္ဓါတရား သီလတရားရှိတဲ့သူကို ပေါင်းသင်းရမယ်
(၈) ကြည်ညိုစရာ ဝမ်းသာစရာဖြစ်စေတတ်တဲ့ သုတ္တန်များကိုဆင်ခြင်ရမယ်
(၉) ဓမ္မနဲ့မွေ့လျော်ပါ၊ တရားအားထုတ်ဖြစ်နေတာကို ဝမ်းမြောက်ဝမ်းသာဖြစ်ပါ
(၁၀) နတ်တို့ကိုသက်သေပြုပြီး မိမိကောင်းမှုကုသိုလ်များကို သစ္စာဆိုပါ၊ အဓိဋ္ဌာန်ပြုပါ
(၁၁) ပီတိဖြစ်ခြင်းအကြောင်းတရားများကိုဆင်ခြင်ရမယ်၊(ယောနိသောမနသိကာရ)
 
ရတနာသုံးစုံ၊ သီလဂုဏ်၊ စွန့်ပုံအောက်မေ့ပါ။
နတ်ဖြစ်ဖွယ်စု၊ ငြိမ်းအေးမှု၊ တွေးရှုအောက်မေ့ပါ။ မွဲခြောက်သူကြဉ်၊ စိုပြည်ယှဉ်၊ ထိုတွင်စိတ်ညွှတ်ရာ။
ကြည်ညိုဖွယ်ညွှန်ကြား၊ သုတ္တန်များ၊ စဉ်းစားဆင်ခြင်ပါ။ ပီတိပွါးရန်၊ ဆယ့်တစ်တန်၊ ထုတ်ပြန်ဋ္ဌကထာ။
 
 
•••••••••••••••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••
ကိုယ်လည်း ငြိမ်းအေး၊ စိတ်လည်း ငြိမ်းအေး ဖြစ်နေတာ၊ ဒီလို ငြိမ်းအေးတာမျိုး မတွေ့ခဲ့ဘူး မခံစားခဲ့ဘူးတဲ့အတွက် ယောဂီက ဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီး
"ငါ လူဖြစ်ရကျိုးနပ်ပြီဟေ့" လို့တောင် စိတ်ထဲက ဥဒါန်းကျူးတတ်တယ်။ မသာယာမိဖို့ သတိထားရတယ်။ သာယာမိရင် တရားက ရှေ့ကိုဆက်ပြီး မတိုးတက်တော့ဘူး။
ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်နေရင် ဖြစ်မှန်း သိ ပေး၊
ငြိမ်းအေးတယ် ငြိမ်းအေးတယ် (ဒါမှမဟုတ်) ချမ်းသာတယ် ချမ်းသာတယ် လို့ရှုမှတ်ပစ်ရတယ်၊
ယောဂီအများစုက ဗောဇ္ဈင်တရား ဖြစ်လို့ဖြစ်မှန်း မသိကြဘူး၊ ဗောဇ္ဈင်တရားကို ရှုမှတ်တာဟာ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပဲဆိုတာလည်း သိပ်မသိကြဘူး။
 
ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း(၇)ပါးကိုတော့ အကျဉ်းချုံးပြီးပဲ ပြောတော့မယ်၊ 
 
(၁) သင့်မြတ်တဲ့အစာအဟာရကို မှီဝဲရမယ်၊ ကိုယ့်ကျန်းမာရေးနဲ့ မတည့်တဲ့အစားအစာဆို
မစားပဲ ရှောင်သင့်ရင် ရှောင်ရတယ်၊
(၂) ရာသီဥတုမျှတအောင် မှီဝဲနေထိုင်ရမယ်၊ ပူအိုက်ရင် ချည်ထည် ပါးပါးဝတ်၊ အေးရင် အနွေးထည်ဝတ်တဲ့အပြင် ခြုံထည်လေး ကိုယ်မှာပတ်ပြီးထိုင်ရတယ်၊
(၃) ဣရိယာပုထ်မျှအောင် အားထုတ်ရတယ်၊ ထိုင်မှတ် တစ်ခုတည်း အားမထုတ်သင့်ဘူး၊ စင်္ကြံလျှောက်ပြီးလည်းမှတ်ရတယ်၊ မတ်တပ်ရပ်ပြီးလည်း မှတ်ရတယ်၊ တစ်ခါတရံ ခုံမှာထိုင်ပြီးလည်း မှတ်ရတယ်။
(၄) မယုတ်မလွန် မှန်မှန်အားထုတ်ရမယ်၊ ကောက်ရိုးမီးလို မဖြစ်ရဘူး၊
(၅) ကိုယ်ကြမ်း နှတ်ကြမ်းတဲ့သူကို ရှောင်ရမယ်
(၆) ကိုယ်နှုတ်သိမ်မွေ့တဲ့သူကို ပေါင်းရမယ်
(၇) ပဿဒ္ဓိဖြစ်ခြင်းအကြောင်းတရားများကို ဆင်ခြင်ရမယ်၊ (ယောနိသောမနသိကာရ)
 
ဘောဇဉ်ဥတု၊ နေထိုင်မှု၊ မှီပြုသင့်မြတ်ရာ။
မလွန်မယုတ်၊လုံ့လထုတ်၊ကြမ်းကြုတ်သူရှောင်ပါ။ ငြိမ်းအေးသူတွင်၊ မှီဝဲယှဉ်၊ ထိုတွင်စိတ်ညွှတ်ပါ။ ပဿဒ္ဓိပွါး၊ ခုနစ်ပါး၊ ညွှန်ကြားဋ္ဌကထာ။
--------------------------
••••••••••••••••••••••••••••••
သမာဓိသမ္ဗောဇ္ဈင်က #ဥဒယဗ္ဗယဉာဏ်အနုပိုင်းကစပြီး သိသာထင်ရှားတယ်။
ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါမှာ အာရုံကို ကြံမှု သုံးသပ်ဆင်ခြင်မှု မရှိတော့ဘဲ ပေါ်လာသမျှအာရုံကို မှတ်သိရုံမျှ မှတ်သိသွားတယ်။
အဲဒီအခါ မှာ ပီတိ သုခ တွေက အလွန်အကဲဖြစ်တယ်။ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘယ်လို ကောင်းမှန်းမသိအောင် ကောင်းနေတတ်တယ်။ စိတ်ပျံ့လွင့်ခြင်းမရှိ ဘဲ တည်ငြိမ်နေတယ်။
ဒါကြောင့် အဲဒီအခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ( ပီတိ သုခ ဧကဂ္ဂတာ)ဆိုတဲ့ အင်္ဂါ (၃)ပါးရှိတဲ့ (ဒုတိယဈာန်)နဲ့ ခပ်တူတူဖြစ်နေတယ်။
မိုးပေါ်ပျံတဲ့ ဈာန် မဟုတ်ဘူး။ မိုးပေါ်ပျံတာက ဈာန်အဘိညာဉ်။ အခု ပြောနေတဲ့ဈာန်က ဈာန် - သမာဓိ။
စိတ်ကို တခုတည်းသောအာရုံမှာ စူးစူးစိုက်စိုက် ရှုနေတာကို ဈာန် လို့ခေါ်တာ။
စူးစိုက်သမှု၊ ကပ်၍ရှု၊ ဈာန်ဟုခေါ်ဝေါ်သည်။
သမထဈာန်၊ ဝိပသ်ဈာန်၊ နှစ်တန်ကွဲပြားသည်။
အဲဒီလို ထက်သန်ထင်ရှားစွာ ဖြစ်လာတဲ့ သမာဓိကိုပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဖြစ်ပေါ်စေတတ်လို့
#သမာဓိသမ္ဗောဇ္ဈင် လို့ခေါ်တယ်။
အရောင်အလင်းအစရှိတဲ့ ဥပက္ကိလေသတွေ ပျောက်သွားတဲ့အခါ မှတ်ရတဲ့အာရုံ အဖြစ် အပျက်တွေကို ရှင်းလင်းပြတ်သားစွာ သိရတဲ့
အဲဒီအခါမှာတော့ နှစ်သိမ့်ဝမ်းမြောက်မှုပီတိ
မပါတော့ဘဲ စိတ်ချမ်းသာမှုက အလွန်အကဲ ထင်ရှားတယ်။ စိတ်လဲ ပျံ့လွင့်ခြင်းမရှိဘဲ
သာပြီးတည်ငြိမ်နေတယ်။
အဲဒီအခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း (သုခ ဧကဂ္ဂတာ)ဆိုတဲ့ အင်္ဂါ၂-ပါးရှိတဲ့(တတိယဈာန်) နဲ့ ခပ်တူတူဖြစ်နေတယ်။
#ဘင်္ဂဉာဏ် အစရှိတဲ့ အထက်ပိုင်းဉာဏ်တွေကျတော့ အများအားဖြင့် စိတ်ရွှင်လန်းဝမ်းသာမှုမရှိဘဲ ဥပေက္ခာနဲ့ ဧကဂ္ဂတာ ထင်ရှားတတ်တယ်
အထူးအားဖြင့် #သင်္ခါရုပေက္ခာဉာဏ်မှာ လျစ်လျူရှုတဲ့ ဥပေက္ခာသဘောက ပိုပြီး ထင်ရှားတယ်။
အဲဒီလို အခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း (ဥပေက္ခာ ဧကဂ္ဂတာ)ဆိုတဲ့ အင်္ဂါ၂-ပါးရှိတဲ့ (စတုတ္ထဈာန်)နဲ့ ခပ်တူတူ ဖြစ်နေတယ်။
 
သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း(၁၁)ပါး ရှိတယ်။
 
(၁) ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းရမယ်
(၂) ဣန္ဒြေ ညီမျှစေရမယ်
(၃) သမာဓိနိမိတ်ကို နားလည်ရမယ်
(၄) စိတ်ဓာတ်ကျနေရင် ချီးမြှောက်ပေးရမယ်
(၅) စိတ်တက်ကြွလွန်းတဲ့အခါ နှိမ်ပေးရမယ်
(၆) စိတ်လေးလံနေတဲ့အခါ ရွှင်အောင်လုပ်ပေးရမယ်၊
(၇) ဣန္ဒြေညီမျှနေတဲ့အခါ ရှုမြဲတရားကို အလိုက်သင့် ရှုနေရမယ်
(၈) သမာဓိသမ္ဗောဇ္ဈင်ဖြစ်အောင် စိတ်ကို ညွှတ်ပေးရမယ်
(၉) သမာဓိမရှိတဲ့သူကို ရှောင်ရမယ်၊ သမာဓိမရှိတဲ့သူက စကားလိုက်ပြောတတ်တယ်၊ ပြန်ပြောမိတော့ ရှိစုမဲ့စု ကိုယ့်သမာဓိက ပျက်ရော၊
(၁၀) သမာဓိရှိတဲ့သူကို ပေါင်းရတယ်
(၁၁) ဈာန်တရား ဝိမောက္ခတရားများကို ဆင်ခြင်ပေးရမယ်
 
ဝတ္ထုသန့်စင်၊ ညီမျှယှဉ်၊ ကျွမ်းကျင်နိမိတ်မှာ။
ကြွလျှင်နှိမ်လင့်၊ ကျလျှင်ပင့်၊ ရွှင်သင့်ရွှင်စေရာ
ညီမျှနေလျှင်၊ ရှုမြဲပင်၊ ထိုတွင်စိတ်ညွှတ်ရာ။
ပျံ့လွင့်သူကြဉ်၊ တည်သူယှဉ်၊ ဆင်ခြင်
ဈာန်မောက္ခာ။ သမာဓိပွါး၊ ဆယ့်တစ်ပါး၊
ညွှန်ကြားဋ္ဌကထာ။
-----------------------------
••••••••••••••••••••••••••••••••
သင်္ခါရုပေက္ခာဉာဏ်ရောက်တဲ့အခါ လောဘစွန်းလည်းမရောက်၊ ဒေါသစွန်းလည်း မရောက်ပဲ ကြောင့်ကြမဲ့စွာ အလိုက်သင့်လေး သိရုံမျှ သိရုံမျှ ရှုမှတ်နေတာဟာ ဥပေက္ခာသမ္ဗောဇ္ဈင်ပွားနေတာပဲ၊
စတုတ္ထဈာန်လို သမာဓိက အားကောင်းတယ်၊ ဝိပဿနာဉာဏ်ပညာကလည်း ထိပ်ဆုံးကို ရောက်လာပြီ၊ တစ်ခါထိုင်မှတ်ရင် သုံးနာရီ၊ လေးနာရီကို သက်တောင့်သက်သာ အသာလေးထိုင်မှတ်နိုင်တယ်၊
မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ နီးနေပြီ။ မီးပွတ်တဲ့ ယောက်ျားရဲ့ လုံ့လဝီရိယမျိုး ရှိဖို့လိုတယ်။ မီးထွက်ခါနီးလေ ပိုပြီး ကြိုးစားပွတ်ရလေ။ ဒါမျိုးဖြစ်ရမှာ။
သို့သော် ယောဂီအများစုက ဖြစ်ပျက် မဆုံးမချင်း ဆက်ပြီးအားထုတ်ရမဲ့အစား အိမ်ပြန်ကြတဲ့အတွက် အင်မတန် နှမျောဖို့ကောင်းတယ်။ မဂ်ဉာဏ် ရခါနီးမှ မရတော့ဘူး။
 
ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်း(၅)ပါးရှိတယ်။
 
(၁) သတ္တဝါအားလုံး ကံစီမံသလိုဖြစ်ကြရတာဟု ဆင်ခြင်ရမယ်။
(၂) သက်မဲ့ပစ္စည်းတွေ ငါ တကယ်ပိုင်တာ မဟုတ်ဘူးလို့ ဆင်ခြင်ရမယ်။
(၃) သတ္တဝါသင်္ခါရတို့ကို သံယောဇဉ်ကြီးလွန်း ခင်တွယ်လွန်းတဲ့သူကို ရှောင်ကြဉ်ရမယ်
(၄) သတ္တဝါသင်္ခါရတို့ကို သံယောဇဉ်ကြီးလွန်း ခြင်း၊ ခင်တွယ်လွန်းခြင်း မရှိတဲ့တဲ့သူကို ပေါင်းသင်းရမယ်
(၅) ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရားတွေ ကိုဆင်ခြင်ရမယ်(ယောနိသောမနသိကာရ)
 
ပုဂ္ဂိုလ်ဝတ္ထု၊ လျစ်လျူရှု၊ ညွှတ်မှုထိုတွင်သာ။
ယုယသူအား၊ ပယ်ရှောင်ရှား၊ စိတ်ထားမျှသူ
မှီဝဲပါ။ ဥပေက္ခာပွါး၊ ကြောင်းငါးပါး၊ ညွှန်ကြား ဋ္ဌကထာ။
---------------------------
ဝိပဿနာတရားတွေ ရှုမှတ်ပွါးများနေရင် ဗောဇ္ဈင်တရားတွေ ပွါးပြီးသားဖြစ်သွားပြီးသစ္စာလေးပါးကိုသိမြင်တဲ့ အရိယာပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်။ နိဗ္ဗာန်လည်း ရနိုင်တယ်။
ဥဒယဗ္ဗယဉာဏ်မှာ တော်ရုံတန်ရုံ ရောဂါအသေးစားတွေ ပျောက်ကြတယ်။ သင်္ခါရုပေက္ခာဉာဏ် မှာတော့ ရောဂါကြီးကြီးမားမားတွေတောင် ပျောက်လေ့ရှိပါတယ်။
ဗောဇ္ဈင်တရားတွေ ပွါးများအားထုတ်ပြီး...
မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ
ရောဂါတွေလည်း ပျောက်ကင်းကြပါစေ...
 
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗောဇ္ဈင်ခုနစ်ပါးတရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်။
(မည်သူမဆို လွတ်လပ်စွာ ထပ်ဆင့်မျှဝေနိုင်ပါသည်)
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု
ဤကောင်းမှုသည် သစ္စာလေးတန်တရားမှန်ကို ပိုင်းခြားထင်ထင်သိမြင်နိုင်သောဗောဓိဉာဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း။
( ဦးခင်ရွှေ )
မဟာစည်ဆရာတော်ကြီး
04-10-2023