(၁)
အန္ဓီဘူတသ္မိံ လောကသ္မိံ၊ အာဟဉ္စံ အမတဒုန္ဒုဘိံ။
“အကန်းသဖွယ်ဖြစ်သော လောက၌ သစ္စာဓမ္မတည်းဟူသော အမြိုက်စည်ကြီးကို ရိုက်တီးရွမ်းဆော်ပေအံ့” (ဗုဒ္ဓ၊ ဝိနည်း မဟာဝါ။)
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခု, ကဆုန်လပြည့်၌ ပွင့်တော်မူ၏။ သို့သော် သတ္တဝါတို့အား သစ္စာတရားကား မဟောကြားရသေး။ ၂-လကြာပြီးနောက်မှ ဗာရာဏသီမြို့အနီး ဣသိပတန မိဂဒါဝုန်၌ ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားရန် ကြွတော်မူ၏။ ဂယာမြို့နားအရောက် လမ်းတွင် ဥပကတက္ကတွန်းနဲ့ တွေ့၏။ ၎င်းကို “ငါသည် လောက၌ သစ္စာဓမ္မကို ကိုယ်တိုင်သိသော သမ္မာသမ္ဗုဒ္ဓ အစစ်ဖြစ်၏”ဟု ဖွင့်ဟ ပြောဆိုခဲ့၏။ ယခု သစ္စာတရားတည်းဟူသော အမြိုက်စည်ကြီးကို ရိုက်တီးရွမ်းဆော်ဖို့ရန် ကာသိတိုင်း, ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောသို့ သွားနေကြောင်းလဲ မိန့်တော်မူခဲ့၏။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့်နေ့၌ သစ္စာတည်းဟူသော ထိုအမြိုက်စည်ကြီးကို ကိုယ်တော်မြတ် စတင်ကာ တီးခတ်တော် မူခဲ့၏။
(၂)
ထိုအမြိုက်စည်တော်သံ အမြန်ဆုံး နေရာအနှံ့ ပျံ့ဖို့လို၏။ ထိုကြောင့် သံဃအဖွဲ့အစည်းကိုလည်း ပထမဝါ၌ပင် တည်ထောင်တော်မူခဲ့၏။ လက်ဦးပိုင်းတွင် အဖွဲ့ဝင်များသည် အရည်အသွေး ပြည့်ဝသည့် အရိယာကြီးများသာ ဖြစ်ကြ၏။ ထို့ကြောင့် စည်းကမ်းဥပဒေ သိပ်များများ မလိုအပ်ပေ။ အခြေခံဥပဒေချ ဩဝါဒပေးရုံလောက်ဖြင့် လုံလောက်၏။ ထိုအရိယာတပည့်ကြီးများက အတိုင်းတိုင်း အပြည်ပြည်ကြွကာ အမြိုက်စည်ကြီးကို ငြိမ့်ညောင်း သာယာ တီးခတ်တော် မူကြ၏။
သို့သော် နောက်ပိုင်းတွင် သံဃာအဖွဲ့အစည်းတွင်းသို့ အလွှာစုံမှ လူမျိုးပေါင်းစုံ ရောက်လာကြ၏။ ကောင်းသူရှိသလို ဆိုးသူတွေလဲ ပါလာ ၏။ ထို့ကြောင့် စည်းကမ်းဥပဒေများ အထပ်ထပ် ထုတ်လာရ၏။ သာဝကကြီးများကိုလည်း တိုးပွားလာသည့် ထိုသံဃပရိသတ်ကို ကြည့်ရှု စောင့်ရှောက်ဖို့ရန် တာဝန်များ ပေးအပ်တော် မူခဲ့၏။ မိမိတို့ပရိသတ်ကို အထိန်းအသိမ်း မတတ်လျှင် မျက်နှာကြီးငယ် မလိုက် မောင်းမဲတော်မူ၏။
(၃)
အခါတပါး မြတ်ဗုဒ္ဓ စာတုမရွာ၌ သီတင်းသုံးတော်မူခိုက် ရှင်သာရိပုတြာနှင့် ရှင်မောဂ္ဂလာန်တို့ သူတို့တပည့် ရဟန်းသစ်များဖြင့် ဘုရားဖူးရန် ရောက်လာကြ၏။ သူတို့တပည့်များကား ဣန္ဒြေထိန်းသိမ်း တတ်အောင် ပိပိပြားပြား ဆုံးမသင်ကြားထားခြင်း မရှိသေး။ ထို့ကြောင့် ကျောင်းထဲတွင် ကျယ်လောင် ကျယ်လောင် စကားပြောကာ ဆူညံနေ၏။ ၎င်းတို့ကို ဘုရားရှင် ကြားတော်မူ၍ အဂ္ဂသာဝကကြီး နှစ်ပါးရော, ထိုရဟန်းသစ်များပါ နှင်ထုတ်လိုက်၏။ ဤသည်ကို စာတုမရွာနေ သာကီဝင်မင်းသားများက သိရှိပြီး မြတ်စွာဘုရားထံ လာရောက်၍ ထိုရဟန်းသစ်များကို ပစ်မထားရန် တောင်းပန်သဖြင့် ပြန်၍ လက်ခံလိုက်၏။
ရဟန်းများ ပြန်ရောက်လာသောအခါ မြတ်စွာဘုရားက ရှင်သာရိပုတြာကို “သာရိပုတ္တ- ရဟန်းတွေကို ငါဘုရားနှင်ထုတ်တော့ သင့်စိတ်ထဲ ဘယ်လိုဖြစ်သလဲ”ဟု မေးတော်မူ၏။ “ယခုအခါ မြတ်စွာဘုရားက တစ်ပါးတည်း ငြိမ်းချမ်းစွာ ကြောင့်ကြမဲ့နေလို၍ ငါတို့ကို နှင်ထုတ်လိုက်၏။ ငါလည်း တပါးတည်း ချမ်းသာစွာ နေတော့အံ့”ဟု အကြံဖြစ်ကြောင်း လျှောက်ထားလေ၏။ ဤတွင် မြတ်စွာဘုရားက “သာရိပုတ္တ- သင် ဆိုင်းငံ့ဦးလော့၊ မျက်မှောက် ချမ်းသာစွာ နေထိုင်ခြင်းကို သင် ဆိုင်းငံ့ဦးလော့” ဟု မိန့်တော်မူ၏။
တဖန် ရှင်မောဂ္ဂလာန်ကို မေးသောအခါ “မြတ်စွာဘုရားသည် တစ်ပါးတည်း ချမ်းသာစွာ နေလို၍ ငါတို့ကို နှင်ထုတ်တော် မူလိုက်ပြီ။ ယခုအခါ ငါသည်လည်းကောင်း၊ ရှင်သာရိပုတြာသည် လည်းကောင်း ရဟန်းအပေါင်းကို ဆောင်ကုန်အံ့” ဟု အကြံဖြစ်ကြောင်း လျှောက်ထားလေ၏။
ဤအခါ၌မူကား မြတ်စွာဘုရားက “သာဓု သာဓု မောဂ္ဂလာန်။ ငါဘုရားလည်းကောင်း၊ သာရိပုတြာ, မောဂ္ဂလာန်တို့သည် လည်းကောင်း ရဟန်းအပေါင်းကို ဆောင်ကြကုန်အံ့”ဟု မိန့်တော်မူ လိုက်၏။ (စာတုမသုတ်၊ မ၊ ၂၊ ပါ-၁၂၂။)
(၄)
အထက်ပါ စာတုမရွာဖြစ်ရပ်၌ မြတ်ဗုဒ္ဓက ရှင်သာရိပုတြာနှင့် ရှင်မောဂ္ဂလာန်တို့ကို စည်းကမ်း ထိန်းသိမ်းရေး အားနည်းမှုဖြင့် မောင်းမဲတော်မူ၏။ အကြောင်းမှာ မိမိတို့တပည့်များ စည်းကမ်းညံ့လျှင် အများသူငါ မကြည်ညိုတော့။ မကြည်ညိုလျှင် သာသနာတော် ကျဆင်းမည်။ ထို့ကြောင့် သာသနာပြု ရဟန်းတော်များသည် နှလုံးသားကို ယဉ်ကျေးအောင် ဆုံးမထားပြီးသူ, ငြိမ်းအေးပြီးသူ, စံပြ ကြည်ညိုဖွယ် ဆောင်နိုင်သူများသာ ဖြစ်သင့်၏။
မှန်၏။ ရှင်သာရိပုတြာသည်ပင် ပရိဗိုဇ်ဘဝက ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွနေသော ရှင်အဿဇိ မထေရ်၏ ကြည်ညိုဖွယ် အမူအရာ, ငြိမ်သက်သော ဣန္ဒြေ, ငြိမ်းအေးသော မျက်နှာတော်ကို ကြည့်ပြီး သဘောကျကာ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းလာသူ ဖြစ်၏။
(လူပေါင်းများစွာသတ်ပြီး မင်းကြမ်းကြီးဖြစ်နေသော အသောကသည်လည်း ဣန္ဒြေစောင့်ထိန်းလျက် အေးချမ်းတည်ငြိမ်စွာ ဆွမ်းခံကြွလာသော နိဂြောဓသာမဏေနှင့် တွေ့ရပြီး ဗုဒ္ဓတရားကို သိမြင်ကာ နောက်ဆုံး တတိယသင်္ဂါယနာတင် ဘုရင်ကြီးတစ်ပါး ဖြစ်လာခဲ့၏။
ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အနော်ရထာမင်းသည်လည်း သထုံမှ ကြွလာသော အရှင်ဓမ္မဒဿီခေါ် ရှင်အရဟံ၏ ကြည်ညိုဖွယ်ရာ အမူအရာများကို ကြည့်ပြီး သာသနာပြုမင်းတစ်ပါး ဖြစ်လာခဲ့၏။
သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင်သည်လည်း စစ်ကိုင်းတောင် သမိဒ္ဓေါဒယချောင်၌ ခန့်ငြားသည့် ဥပဓိတော်, အောင်မြင်သော အသံတော်, ကြည်ညိုဖွယ် အမူအရာဖြင့် လေးနက်စွာ ဝိပဿနာတရားများကို ဟောနေသော မဟာစည်ဆရာတော်ကြီးကို ဖူးတွေ့ရ၍ ပဋိပတ္တိသာသနာ ပြုရန် ရန်ကုန်,သာသနာ့ရိပ်သာသို့ ပင့်ဆောင်လာခဲ့ခြင်း ဖြစ်၏။)
(၅)
ထို့ပြင် အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့ရန်အတွက် ခေါင်းဆောင်များတွင် တာဝန်ကိုယ်စီ ရှိ၏။ ထို့ကြောင့် ရှင်သာရိပုတြာ၏ တစ်ပါးတည်း နေလိုမှုသည် နောက်လိုက်တပည့်များကို ပစ်ထားသည့်သဘော သက်ရောက်နေ၏။ ရှင်မောဂ္ဂလာန်၏ အဖြေမှာကား စောင့်ရှောက်လိုမှု, တာဝန်ယူလိုမှု, ခေါင်းဆောင်လိုမှုကို ဖေါ်ပြနေ၏။ ဤသည်ကိုပင် မြတ်ဗုဒ္ဓက သာဓုခေါ်ခြင်း ဖြစ်၏။
မြတ်ဗုဒ္ဓကိုယ်တိုင်လည်း အရာရာကို တစ်ဦးတည်း ဆုပ်ကိုင်မထား။ ထို့ကြောင့်ပင် “ငါဘုရားသည်၎င်း, သာရိပုတြာ မောဂ္ဂလာန်တို့သည်၎င်း ရဟန်းအပေါင်းကို ဆောင်ကြကုန်အံ့”ဟု သူ၏ အကြီးအကဲ ရာထူးကို ခွဲဝေကာ တပည့်ကြီးများကို ပေးတော်မူ၏။
အခြား တနေရာ၌လည်း “အာနန္ဒ… ရဟန်းသံဃာကို ငါသာလျှင် ဆောင်အံ့ဟူ၍၎င်း၊ ရဟန်းသံဃာသည် ငါ့ကိုသာလျှင် ကိုးကွယ်ရာ ဆရာဟု ညွှန်ပြလိမ့်မည်ဟု၎င်း မြတ်စွာဘုရားအား ဤသို့ အကြံမဖြစ်” ဟု မိန့်တော်မူခဲ့၏။
(၆)
မြတ်ဗုဒ္ဓ သာသနာပြုသောအခါ သာဝကကြီးများကို သူ့တို့ပါရမီအလိုက် ရာထူးဌာနန္တရများ ပေးတော်မူလေ့ ရှိ၏။ ထိုတွင် ရှင်မဟာကဿပ မထေရ်ကြီးလည်း တစ်ပါးအပါအဝင် ဖြစ်၏။ ထိုမထေရ်ကြီးအား တတိယသာဝက ရာထူးကို ပေးတော်မူ၏။ မှန်ပေ၏။ ထိုမထေရ်ကြီးသည် ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာသနာတော်ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မည့်သူ ဖြစ်၏။ ရှင်သာရိပုတြာနှင့် ရှင်မောဂ္ဂလာန်တို့မှာကား ဘုရားထက်အရင် ပရိနိဗ္ဗာန် စံတော်မူကြမည် ဖြစ်၏။ ထို့ကြောင့် ရှင်မဟာကဿပ မထေရ်ကြီးကို ဘုရားရှိစဉ်ကပင် သူ၏ နေရာ၌ ထားတော်မူ၏။ ဘုရားရှင်ကဲ့သို့ပင် ရဟန်းများကို ဆုံးမရန်လည်း အခါအားလျှော်စွာ တိုက်တွန်းတော်မူ၏။
(၇)
အခါတပါး မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရှင်မဟာကဿပ မထေရ်ကြီး ရောက်လာခဲ့၏။ ထိုအခါ မြတ်ဗုဒ္ဓက “ကဿပ… ရဟန်းတွေကို ဆုံးမပါ။ ရဟန်းတွေကို တရားဟောပါ။ ချစ်သား ကဿပ- ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ရဟန်းတို့ကို တရားစကား ဟောပြောကုန်ရာ၏”ဟု မိန့်တော်မူ၏။ (ပထမဩဝါဒသုတ်၊ နိဒါနဝဂ္ဂသံယုတ်)
ဤစကားရပ်၌ မြတ်စွာဘုရားသည် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်အတွက် ရှင်မဟာကဿပ မထေရ်ကြီးကို မိမိနှင့် ထပ်တူပြု၍ ချီးမြှောက်တော်မူခြင်း ဖြစ်၏။ ထို့ပြင် ရဟန်းများကို ပစ်မထားဖို့, အမြင်မတော်လျှင် ဆုံးမဖို့, သင့်တော်သည့်အခါ တရားဟောဖို့ တိုက်ရိုက် တာဝန် ပေးအပ်တော်မူခြင်းလည်း ဖြစ်၏။
(၈)
မှန်၏။ ဆုံးမလမ်းညွှန်မှု ကင်းပြီး တရားနာရခြင်း မရှိသောသူ၏ သန္တာန်၌ သဒ္ဓါတရားများသည် ဆုတ်ယုတ်လာ၏။ ဟိရိ,ဩတ္တပ္ပလည်း ကင်းလာ၏။ ဝီရိယလည်း နည်းလာ၏။ အသိဉာဏ်လည်း မဲ့လာ၏။ အမျက်ဒေါသလည်း ကြီးလာ၏။ ရန်ငြိုးလည်း ဖွဲ့တတ်၏။ ထိုသူ၏ သန္တာန်၌ရှိသော ကုသိုလ်တရားတို့သည် လဆုတ်ရက်မှာ သာသောလ,ကဲ့သို့ တဖြေးဖြေး အရွယ်လည်း ငယ်,ငယ်လာ၏။ အရောင်လည်း မှိန်,မှိန်လာ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက “ဆုံးမတတ်သူ မရှိခြင်းသည် ဆုတ်ယုတ်ခြင်းမည်၏”ဟု ရှင်မဟာကဿပကို မိန့်တော်မူခဲ့၏။ (“န သန္တိ ဘိက္ခူ ဩဝါဒကာ”တိ ကဿပ ပရိဟာနမေတံ။ ဒုတိယဩဝါဒသုတ်)
(၉)
ထို့ကြောင့် မည်သည့်အဖွဲ့အစည်းမဆို ရေရှည်တည့်တံ့စေရန် တိကျသော စည်းကမ်းကောင်းများ ချမှတ်ဖို့ လို၏။ ၎င်းစည်းကမ်းအတိုင်း အကောင်အထည် ဖေါ်ဆောင်ပေးမည့် တပည့်ကောင်းများလည်း လိုအပ် ၏။ ထိုသို့ မဟုတ်လျှင် ဘုရားရှင်တို့ တည်ထောင်သော သာသနာသည်ပင် ကြာရှည် မတည်နိုင်။
အနည်းငယ် ချဲ့ပြအံ့။ ဝိပဿီ, သိခီ, ဝေဿဘူ ဤဘုရားရှင် သုံးဆူတို့သည် ဝိနည်းစည်းကမ်းကို အကျယ် မပညတ်ခဲ့၊ တရားကိုလည်း အကျယ်မဟောခဲ့။ ထို့ကြောင့် ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်အနည်းငယ်တွင် သာသနာကွယ်ခဲ့၏။ အကြောင်းမှာ- နောက်ပိုင်း သာသနာတော်သို့ ဝင်လာကြသူတို့သည် လိုက်နာစရာ ဝိနည်းစည်းကမ်းလည်း တိတိကျကျ မရှိ၊ စံချိန်ထိုးစရာ တရားလည်း ပြည့်ပြည့်ဝဝ မရှိ။ ရှင်းလင်းသင်ပြပေးနိုင်သော တပည့်ကြီးများလည်း ခန့်ခန့်ငြားငြား မကျန်ခဲ့တော့။ ထို့ကြောင့် မိမိတို့ ရိုးရာအယူအဆများ, လူမျိုးအယူအဆများ ထည့်သွင်းဟောပြော လာကြသောကြောင့် မကြာမီ သာသနာကွယ်ရခြင်း ဖြစ်၏။ (တေ တံ ဗြဟ္မစရိယံ ခိပ္ပမေဝ အန္တရဓာပေသုံ။ ဝိ၊၁၊ပါ-၉။)
ကကုသန်, ကောဏာဂုံ, ကဿပ ဟူသော ဘုရားရှင်သုံးဆူတို့သည်ကား ဝိနည်းစည်းကမ်းကိုလည်း အကျယ်ပညတ်၏။ တရားတော်ကိုလည်း အကျယ်ဟောပြော၏။ ထိန်းသိမ်းစောင့်ရှောက်ကြမည့် တပည့်သာဝကကြီးများကိုလည်း ချန်ထားခဲ့၏။ နောက်ပိုင်း တပည့် အဆက်ဆက်တို့ကလည်း ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြ၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ သာသနာတော်သည်ကား ကြာရှည်ခိုင်မြဲစွာ တည်ခဲ့၏။ (တေ တံ ဗြဟ္မစရိယံ စိရံ ဒီဃမဒ္ဓါနံ ဌပေသုံ။ (ဝိ၊၁၊ပါ-၁၀။)
(၁၀)
ထိုသို့ မြတ်ဗုဒ္ဓသည် ဝိမုတ္တိလမ်းကြောင်းဖြစ်သော သစ္စာဓမ္မကို ဦးစွာပြ၏။ ထိုသစ္စာဓမ္မများကို လက်ဆင့်ကမ်း သယ်ဆောင်မည့် သံဃာ့အဖွဲ့အစည်းကိုလည်း တည်ထောင်တော်မူ၏။ ထိုအဖွဲ့ဝင်များ လိုက်နာရမည့် ဝိနည်းစည်းကမ်းကိုလည်း ချမှတ်တော်မူခဲ့၏။ သာဝကတို့ကလည်း အသက်နှင့်အပ်နှံ၍ လိုက်နာခဲ့ကြ၏။ မိမိနှလုံးသား၌ ငြိမ်းချမ်းမှု ရသည့်တိုင်အောင်လည်း စနစ်တကျ ကျင့်သုံးကြ၏။ ငြိမ်းချမ်းပြီးသူတို့ တီးခတ်လိုက်သော အမြိုက်စည်တော်သည်ကား အသံပို၍ ကြည်ကြည်လင်လင် ကျယ်ကျယ်ပြန့်ပြန့် မြည်ဟီးပေ၏။
(၁၁)
ဒီဃဒဿီဖြစ်တော်မူသော မဟာစည်ဆရာတော် ဘုရားကြီးသည်လည်း မြတ်ဗုဒ္ဓနည်းကို အစဉ် မှီးတော်မူခဲ့၏။ သတိပဋ္ဌာန် အမြိုက်စည်သံကို ကမ္ဘာအနှံ့ ကြားနိုင်ဖို့ရန် “ပြည်တွင်း/ပြည်ပ မဟာစည် နာယကအဖွဲ့ကြီး”ကို ၁၉၇၂-ခုနှစ်, ဒီဇင်ဘာ၌ ဖွဲ့စည်းတည်ထောင်တော် မူခဲ့၏။ အဖွဲ့ကြီး ရေရှည် တည်တံ့ရေးအတွက် စည်းကမ်းများလည်း (မဟာစည် သတိပဋ္ဌာန် အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းဥပဒေများ စာအုပ်) ချမှတ်တော်မူခဲ့၏။ ထိုနာယကဆရာတော်များမှ သတိပဋ္ဌာန် စည်ကြီးကို ရိုက်တီးလာခဲ့သည်မှာ ယခုအခါ အနှစ် ၅၀- ရွှေရတုခရီးသို့ပင် ဆိုက်ရောက်လာခဲ့ပေပြီ။
သို့သော် ထိုစည်ကြီး၏ အသံကြည်လင်မှုနှင့် ကျယ်ပြန့်မှုသည်ကား တီးခတ်သူများ၏ အရည်အသွေးပေါ်တွင် များစွာ မူတည်နေ၏။ တီးခတ်သူတို့၏ အရည်အသွေးများ မကျပါမှသာလျှင် သတိပဋ္ဌာန် စည်သံကလည်း ကြည်လင်စွာ မြည်ဟီးပေလိမ့်မည်။ စည်းကမ်းလျော့လျှင်ကား စည်တော်သံလည်း ပျော့သွားပေလိမ့်မည်။ သို့ပါ၍ နာယကအဖွဲ့ကြီး၏ စည်းကမ်း သားရေကြိုးကို တင်းတင်းသာ ဆွဲထားကြဖို့ လိုပေလိမ့်မည်…။ ။
သတိပဋ္ဌာန်စည် မြည်ကာဟိန်းလို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ…။
အရှင်ဩသဓ
(အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)
ဓမ္မာနန္ဒဝိဟာရ
ကာလီဖိုးနီးယား
ယူအပ်အေ
သာသနာနှစ်။ ၂၅၆၆-ခုနှစ်။
မြန်မာနှစ်။ ဝါဆိုလဆန်း ၁၃-ရက်၊ ၁၃၈၄-ခုနှစ်။
ခရစ်နှစ်။ ဩဂုတ်လ ၉-ရက်၊ ၂၀၂၂-ခုနှစ်။
(မှတ်ချက်။ ။ပြည်တွင်း/ပြည်ပ မဟာစည်ရိပ်သာများ နာယကအဖွဲ့ ဖွဲ့စည်းခြင်း နှစ်၅၀-မြောက် ရွှေရတုစာစောင်မှ မိမိဆောင်းပါးကို ပြန်လည်ဖေါ်ပြခြင်း ဖြစ်သည်။)