ဒီနေ့-သာသနာ(၂၅၆၂)နှစ်၊
ကောဇာသက္ကရာဇ်(၁၃၈၁)ခုနှစ်ဆန်း(၁)ရက်၊
ခရစ်(၂၀၁၉)ဧပြီ(၁၇)ရက်၊
(မြန်မာနိုင်ငံမှာတော့ ဧပြီ ၁၈-ရက်၊နှစ်ဆန်း
၂-ရက်ထဲရောက်နေပြီ)
အမေရိကန်နိုင်ငံ၊အော်ရီဂွန်ပြည်နယ်၊
ပေါ့တလန်မြို့၊သီရိမင်္ဂလာကျောင်း၊
အသံမစဲပဋ္ဌာန်းပူဇော်ပွဲအဖွင့်သြဝါဒအဖြစ်
ပိဋကတ်သုံးပုံအကြောင်း နဲနဲပြောပါမယ်၊
ဆင်ခြင်ကြည်ညိုပွားများနိုင်ဖို့ပေါ့။
အခုဗုဒ္ဓဘာသာဝင်တို့ကြားနာသိမှတ်ထားတဲ့
"ပိဋကတ်သုံးပုံ"ဆိုတာ သင်္ဂါယနာမထေရ်မြတ်တို့
သတ်မှတ်ထားတဲ့အတိုင်းခေါ်ဆိုသိမှတ်နေကြတာပါ။
မူရင်းဘုရားဟောအတိုင်းကတော့
"ဓမ္မနဲ့ဝိနယ"လို့ နှစ်မျိုးပါပဲ၊
"ဓမ္မ=ကျင့်သုံးရေး"နဲ့
"ဝိနယ=ရှောင်ကျင်ရေး"ပေါ့။
ဒီနှစ်မျိုးမှာလဲ ဒီနေ့တွေ့ရတဲ့"ဝိနယ"ဆိုတဲ့
ဒေသနာများက ဘုရားရှင်ဝါတော်(၂၀)ရဲ့
နောက်ပိုင်းကျမှစပြီးပညတ်ခဲ့တယ်လို့
ပိဋကတ်မှာဆိုပါတယ်။
ဘုရားရှင်ဝါတော်(၂၀)အထိ"ဓမ္မ"တစ်ခုတည်းနဲ့
သာသနာပြုခဲ့တယ်လို့ဆိုနိုင်ပါတယ်။
သင်္ဂါယနာတင်မထေရ်တို့က အဲဒီဓမ္မကိုပဲ
"အဘိဓမ္မနဲ့သုတ္တန္တ"လို့(၂)မျိုးခွဲလိုက်ပါတယ်။
ဒီခေတ်ပညာရှင်အချို့ကတော့
'အဘိဓမ္မာ'နဲ့ ဗြဟ္မဇာသုတ်၊စက္ကဝတ္တိသုတ်တို့လိုဒေသနာတွေကို
'စင်းစားတွေးခေါ်ရေးဆိုင်ရာဒေနာ'
(Intellectual Buddhist teachings)၊
ဓမ္မစက္ကပဝတ္တန၊မင်္ဂလ၊သတိပဋ္ဌာနစတဲ့
'သုတ္တန်'ကို'လက်တွေ့လိုနာရေးဒေသနာ'
(Practical Buddhist teachings)လို့ခွဲတယ်၊
(သူတိုက ငါးရာ့ငါးဆယ်လိုဗုဒ္ဓမဖြစ်မီထိ
ဖြစ်ရပ်ထူးတွေကိုတော့
ကြည်ညိုသဒ္ဓါပွားရေးဒေသနာ
(Devotional Buddhist teachings)လို့
သတ်မှတ်ကြကြောင်း
ဇင်ဝေသော်ရေးတာဖတ်ရဖူးတယ်)
ထားပါတော့လေ အဘိဓမ္မာဓမ္မနဲ့သုတ္တန်ဓမ္မ
အကြောင်းကိုပဲ နဲနဲဆက်ပြောကြရအောင်ပါ၊
မြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်(ဓမ္မ)တွေကို
၁*စိတ်နဲ့ကြံစည်ဆင်ခြင်တဲ့'မနသာဒေသနာ'၊
၂*နှုတ်မြွက်ဟောကြားတဲ့'ဝစသာဒေသနာ'လို့
ခွဲခြားကြည့်မယ်ဆိုရင်..
အဘိဓမ္မာဓမ္မကို မနသာဒေသနာအဖြစ်နဲ့
ဘုရားဖြစ်ပြီး ရက်သတ္တလေးပတ်
(စတုတ္ထသတ္တာဟ)မှာစတင်ဆင်ခြင်တယ်၊
သုတ္တန်ဒေသနာတောကိုတော့
ဘုရားဖြစ်ပြီး(၂)လမြောက်ဝါဆိုလပြည့်ရောက်မှ
စတင်ဟောတော်မူပါတယ်။
ဒါ့ကြောင့် ဒေသနာစဉ်အရ
အဘိဓမ္မာဒေသနာ(အဘိဓမ္မာပိဋကတ်)က
မနသာအရ အစောဆုံး၊
နောက် သုတ္တန်ဒေသနာ(ပိဋကတ်)က ဒုတိယ၊
ဝိနယဒေသနာ(ပိဋကတ်)က ဟောစဉ်အရ
နောက်ဆုံးကျတဲ့ဒေသနာ(ပိဋကတ်)လို့
ဆိုရပါလိမ့်မယ်။
ဒီဓမ္မနှစ်ခုရဲ့အထူးကတော့-
ခေတ်ပညာရှင်များသုံးသပ်သလိုပဲ၊
အဘိဓမ္မာက စဉ်းစားတွေးခေါ်စရာ၊သိစရာ
တကယ့်အရှိအချက်အလက်(ပရမတ္ထ)တွေပေါ့၊
သုတ္တန်ဓမ္မက လိုက်နာကျင့်သုံးစရာပေါ့။
လောကဥပမာနဲ့ပြောရရင်-
*အဘိဓမ္မာက သားငါး,ဟင်းသီးဟင်းရွက်တို့၊
ဆေးမယ်နွယ်မျက်သစ်ပင်တို့နဲ့တူပါတယ်၊
အချက်အလက်သရုပ်အရေအတွက်တွေပေါ့။
*သုတ္တန်က ချက်ပြီးသားဟင်းတို့
ဖေါ်စပ်ပြီးဆေးတို့နဲ့တူပါတယ်။
ဟင်းမယ်တွေ၊ဆေးမယ်တွေဟာ တစ်ခုချင်းစီအရ
သိမှတ်လေ့လာစရာများသာဖြစ်ပြီး စားသုံးလို့
အရသာရောအကျိုးပါ(ရသဝိပါက) မပြည့်စုံနိုင်
သေးပါဘူး။
လိုအပ်သလို ဟင်းမယ်ဟင်းဖတ်နဲ့ ဆီဆားစတဲ့
ဟင်းခပ်များအချိုးကျ စပ်ဟပ်ချက်ပြုတ်ပြီးမှသာ
ဟင်းဆိုရင်လဲအရသဝိပါကပြည့်စုံပါတယ်။
ဟင်းချက်ပြီဆိုကတည်းက ဟင်းမယ်သားငါး
အသီးအရွက်တွေကို ကျက်အောင်ကျိုထားရုံနဲ့
ဘယ်ဟင်းဖြစ်ပါ့မလဲ၊
ဟိုအပ်တဲ့ဆီဆားကြက်သွန်ချင်းစတဲ့
ဟင်းခပ်များနဲ့ အချိုးကျအောင်စပ်ဟပ်
ချက်ရတာပေါ့။
(ဆေးဆိုရင်လဲအလားတူ စပ်ဟပ်ထောင်းချေ
သမအောင်မွှေရတာပါပဲ)
ဘယ်လောက်အနံ့အရသာပြည့်စုံတဲ့ဟင်းပဲဖြစ်ဖြစ်
ဟင်းမယ်ဟင်ဖတ်မပါရင်'အာဟာရ'မဖြစ်နိုင်ပါဘူး၊
ဟင်းတစ်ခွက်မှာ အရသာကို ဟင်းခပ်များက
ပေးစွမ်းပြီး
အာဟာရကိုတော့ ဟင်းမယ်များကပေးနိုင်ပါတယ်။
ကျက်စွတ်ပြုတ်နဲ့ဆန်ပြုတ် အာဟာရချင်း
ကွဲပြားတာဟာ ဟင်းမယ်ချင်းကွဲပြားလို့ပဲမှုတ်လား။
အဲဒီသဘောခပ်ဆင်ဆင်ပါပဲ၊
အဘိဓမ္မာမှာဟောထားတဲ့"ပရမတ္ထတရားများ"က
ဟင်းမယ်တွေ၊ဆေးမယ်တွေ တစ်ခုချင်းစီပါ၊
စဉ်းစားတွေးခေါ်မှုဝါသနာပါရင်သိမှတ်ထားဖို့ကောင်းပါတယ်၊
အမယ်တစ်ခုချင်းနဲ့တော့ ရသဝိပါကမပေါ်နိုင်
သေးပါဘူး၊ဘယ်လိုအသုံးချရမယ်ဆိုတာ
မပေါ်လွင်သေးလို့ပါ။
မြတ်စွာဘုရားရှင်က သဗ္ဗညုတဉာဏ်ရပြီး
စတုတ္ထသတ္တာဟ(လေးပတ်မြောက်)မှာ
ပရမတ္ထ(ဟင်းမယ်ဆေးမယ်စုံ)တရားတွေကို
နည်းပေါင်းစုံနဲ့အနုလုံပဋိလုံ(စုံချီဆန်ချီ)ဆင်ခြင်တော်မူပါတယ်။("ဒေသေတဗ္ဗဓမ္မပကာရ=
ဟောနိုင်စွမ်းရှိသမျှတရားအပြား"ပေါ့။)
ပြီးတော့မှ
ဝေနေယျတို့ရဲ့ စရိုက်,ဝါသနာ,အလေ့အထုံ,
အလိုအဇ္ဈာသယဓာတ်ခံအရ ဘာနဲ့ဘာ၊ဘယ်လို
အသင့်စပ်ပြီး ရသဝိပါကပေါ်အောင်ဟောကြား
တိုက်ကျွေးရမယ်ဆိုတာလဲ ဆင်ခြင်တော်
မူမှာပါပဲ။
("ဒေသေတဗ္ဗဓမ္မ=ဟောသင့်သမျှတရား"နဲ့
"ဝေနေယျဇ္ဈာသယ=ဝေနေယျတို့ရဲ့အလိုအဇ္ဈာသယ"ပေါ့။)
ပထမဆုံးတရားဦးအဖြစ် ဓမ္မစက္ကပဝတ္တနသုတ်က
စပြီး သုတ္တန်တိုင်းဟာ အသင့်ချက်ပြီးဟင်း၊
အသင့်ဖေါ်စပ်ပြီးဆေးများလိုဖြစ်လို့ ဝေနေယျတို့ကိုရသဝိပါကဖြစ်ပေါ်စေပါတယ်။
ပြည့်စုံကောင်းမွန်တဲ့ဟင်းမှာ လိုအပ်တဲ့ဟင်းမယ်များပါသလို
ပြည်စုံတဲ့သုတ္တန်တိုင်းမှာ လိုအပ်တဲ့'ပရမတ္ထတရား'များ
ပါတာချည်းပါပဲ။
တရားဦးမှာဆိုရင်
မဂ္ဂင်ရှစ်ပါးတို့၊သစ္စာလေးပါးတို့ဟာ'ပရမတ္ထ'တရားတွေပါပဲ။
ဟင်းမယ်(ဟင်းဖတ်)မပါတဲ့ဟင်းဟာ
ဒယ်အိုးဆေးရေကိုဆားနဲ့အချိုမှုံ့ထည့်ထားတဲ့
ဗလာဟင်းလိုပဲ ဘာအာဟာရမှမဖြစ်နိုင်သလို
ဓမ္မစကြာထဲက မဂ္ဂင်ရှစ်ပါးနဲ့သစ္စာလေးပါးကို
ဖယ်ထုတ်လိုက်ရင်လဲ ဗလာဟင်းချိုထက်
ပိုမယ်မဟုတ်ပါဘူး။
ဟင်းတိုင်းမှာ ဟင်းမယ်ဟင်းဖတ်ချည်းမဟုတ်ဘဲ
လိုအပ်တဲ့အနံ့အရသာပေါ်စေဖို့ ဆီဆားစတဲ့
ဟင်းခပ်များလဲ အချိုးကျထည့်ရသလိုပါပဲ၊
သုတ္တန်ဒေသနာတော်မှာလဲ အဓိကကျတဲ့
ပရမတ္ထချည်းသက်သက်နဲ့မပြီးပါဘူး၊
လိုအပ်တဲ့ရသဝိပါကပေါ်လွင်စေဖို့အတွက်
ပုံ,ဥပမာ,သာဓကများကိုလဲ ဝေနေယျတို့ရဲ့
အလိုအဇ္ဈာသယနဲ့ကိုက်ညီအောင်
ထည့်သွင်းဟောတော်မူထားတာပါ။
ခေတ်ပညာရှင်တို့သုံးသပ်ပြသလိုပါပဲ
သုတ္တန်တစ်ခုတည်းမှာကို
၁*ကြည်ညိုသဒ္ဓါတိုးစရာ ပုံ,ဥပမာ,ဇာတ်လမ်း,
သာဓကများရော၊
၂*သိမှတ်ဆင်ခြင်စရာ'ပရမတ္ထ'များရော၊
၃*လိုက်နာကျင့်သုံးစရာနည်းလမ်းများရော
အစုံပါဝင်ပါတယ်။
(ဓမ္မစက္ကပဝတ္တနသုတ်မှာ
မြေကြီးတုန်လှုပ်ခြင်း၊နတ်ဗြဟ္မာတို့
တစ်ဆင့်ကတစ်ဆင့်ကြားသိစေခြင်းတို့ဟာ
ကြည်ညိုသဒ္ဓါပွားစရာ(Devotional Buddhist teachings)များပါ။)
(ဒီသုံးမျိုးနဲ့ပတ်သက်လို့
ဒေးဒရဲနိကာယ်သင်တန်းမှာဆွေးနွေးကြစဉ်က
တောင်တွင်းကြီးနတ်မှီဆရာတော်မိန့်ကြားတာ
ကတော့-
"၁*ကြည်ညိုသဒ္ဓါပွားစရာများကို မကြည်ညိုတာ၊
၂*သိမှတ်စရာများကို အပြည့်အစုံမသိတာတို့က
ကုသိုလ်မရတာပဲရှိမယ်၊ဒုက္ခများလောက်အောင်
မဖြစ်နိုင်သေးဘူး၊
*လိုက်နာကျင့်သုံးစရာများကိုမလိုက်နာခဲ့ရင်
ကောင်းကျိုးချမ်းသာ မရနိုင်ဘူး။
ဆန့်ကျင်ကျင့်သုံးရင်တော့ ဒုက္ခများမယ်၊
ဘယ်ဘာသာမှမယုံဘူးဆိုတဲ့လူတွေလဲ
*မကောင်းမှုရှောင်၊
*ကောင်းမှုဆောင်၊
*စိတ်ကိုဖြူမောင်ထား"ဆိုတဲ့ ဘုရားရှင်မူ
သုံးချက်ကို မဆန့်ကျင်ဝံ့ကြဘူး"လို့မိန့်ကြားဖူးပါတယ်။)
အဘိဓမ္မာဒေသနာမှာဟောထားတဲ့
'ပရမတ္ထ'ထိမဆိုက်,မထိဘဲ တရားထူးတရားမြတ်ကို မရနိုင်တာအမှန်ပါ၊
(ဝိပဿနာဉာဏ်ရဲ့အခြေခံကိုက
*နာရူပပရိစ္ဆေဒဉာဏ=နာမ်ရုပ်ပရမတ်ကို
ခွဲခြားသိမြင်တဲ့ဉာဏ်က စရတာမှုတ်လား။)
ဒါပေမယ့် "အဘိဓမ္မကိုသင်ပြီး,တတ်ပြီးမှသာ
တရားထူးတရားမြတ်ကိုရနိုင်မယ်"လို့လဲ
မဆိုလိုပြန်ပါဘူး၊
သိသင့်သိထိုက်တဲ့'ပရမတ္ထ'တရားများကို
သုတ္တန်တိုင်းမှာ ဝေနေယျတို့လို့အပ်ချက်အရ
အချိုးကျထည့်ထားပြီးဖြစ်လို့ပါ။
ဘုရားဖြစ်ပြီး(၇)ဝါမတိုင်မီအတွင်းမှာ
သာဝကများစွာတရားထူးရကြတာကိုကြည့်ပေါ့၊
အဲဒီအချိန်ထိ အဘိဓမ္မာကိုနှုတ်မြွက်ဟောကြား
မပြုရသေးပါဘူး။
တိုတိုချုပ်ကတော့-
"အဘိဓမ္မာဒေသနာဆိုတာ သိစရာဟင်းမယ်
(ဆေးမယ်)'ပရမတ္ထ'တစ်ခုချင်းစီဖြစ်တယ်။
သုတ္တန်ဆိုတာ ပရမတ္ထတို့ကိုအသင့်စားသုံး
(နားလည်)နိုင်အောင် ချက်ပြုတ်ဖေါ်စပ်ထားတဲ့
ဟင်းကောင်း(ဆေးကောင်း)များဖြစ်တယ်"လို့
သဘောပေါက်ကြရမှာပါ။
ဒီနေ့ ကျင်းပမယ့် 'အသံမစဲပဋ္ဌာန်းပူဇော်ပွဲ'ဆိုတာ
ဆင်ခြင်သိမှတ်စရာဟင်းမယ်(ဆေးမယ်)
တစ်ခုချင်းတို့နဲ့တူတဲ့ပရမတ္ထဒေသနာတော်ကို
ကြည်ညိုလေးစားသိမှတ်တဲ့အနေနဲ့ ရွတ်ဖတ်
ပူဇော်ကြမှာပါ။
လယ်တီဆရာတော်ဘုရားကြီးကတော့-
*သဗ္ဗညုတဉာဏ်စွမ်းပြရာဖြစ်တဲ့အဘိဓမ္မာကို
သင်ကြားနာယူမှတ်သားခြင်းဟာ'ဝိဇ္ဇာမျိုးစေ့'
ပြည့်စုံခိုင်လုံစေတယ်"လို့ဆိုပါတယ်။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာကတော့-
*ပဋ္ဌာန်း,ပဋိစ္စသမုပ္ပါဒ်"စတဲ့ ကြောင်းကျိုးဆက်
ဒေသနာတို့ကိုသင်ကြားနာယူခြင်းရဲ့အကျိုးက
ဝိပဿနာအားထုတ်တဲ့အခါ..
'ပစ္စယပရိဂ္ဂဟဉာဏ်'မှာ အကြောင်းတရားစုံကို
သိမ်းဆည်းနိုင်တဲ့အတွက် ရဟန္တာဖြစ်တဲ့အခါ
'ပဋိသမ္ဘီဒါပတ္တ'ဆိုတဲ့ ပထမတန်းရဟန္တာ
ဖြစ်စေခြင်းအကျိုးရှိတယ်"လို့ဆိုပါတယ်။
(ပဋိသမ္ဘီဒါပတ္တရဟန္တာဆိုတာ
အရဟတ္တမဂ်ဉာဏ်ရတာနဲ့တစ်ပြိုင်နက်
၁*အတ္ထပဋ်ိသမ္ဘီဒါ=ဟောသမျှပါဠိတော်တို့ရဲ့
အနက်ကို(သင်စရာမလိုဘဲ)နားလည်နိုင်စွမ်း၊
၂*ဓမ္မပဋိသမ္ဘီဒါ=ပိဋကတ်ပါဠိတို့ကို အလိုလို
တတ်ကျွမ်းနိုင်စွမ်း၊
၃*နိရုတ္တိပဋိသမ္ဘီဒါ=ဘာသာစကားအမျိုးမျိုး
(တိရစ္ဆာန်တို့ရဲ့အသံကိုပါ)နားလည်နိုင်စွမ်း၊
၄*ပဋိဘာဏပဋိသမ္ဘီဒါ=တရားအားလုံးကို
ပါရဂူမြောက် တစ်ဘက်ကမ်းရောက်
သိမြင်နိုင်စွမ်းဆိုတဲ့ အစွမ်းထူးလေးပါးနဲ့
ပြည့်စုံတဲ့ရဟန္တာဖြစ်တာပါ။
ဒါကြောင့်'ပထမသင်္ဂါယနာမှာ
'ပဋိသမ္ဘီဒါပတ္တရဟန္တာများ'ချည်းရွေးရတာပါ။)
ကျင့်ဖို့မဟုတ်ပေမယ့်၊ကြားနာသိမှတ်ပြီး
"ဝိဇ္ဇာမျိုးစေ့ဓာတ်ခံ"ယူကြဖို့ပါ။
ရွတ်ဖတ်,နာယူ ပူဇော်ပြီး"ဝိဇ္ဇာမျိုးစေ့ယူကြပါစို့...!
ရနိုင် ယူနိုင်ကြပါစေ...
၁၇.၄.၁၉
၁၃၈၁-နှစ်ဆန်း(၁)ရက်၊
သီရိမင်္ဂလာကျောင်း၊ပေါ့တလန်မြို့၊
အော်ရီဂွန်ပြည်နယ်၊အမေရိကန်ပြည်ထောင်စု။