အဘိဓမ္မာ မိတ်ဆက်

ဓမ္မဘေရီဆရာတော်

 
???????????
အဘိဓမ္မာမှာ
ကုသိုလ်,အကုသိုလ်ဆိုတဲ့တရားတွေက
ထင်ရှားပေါ်လွင်တယ်၊
ပေါ်ပြူလာဖြစ်တယ်ဆိုရမှာပေါ့။
နှစ်မျိုးလုံးနဲ့အရောဝင်တဲ့
အဘိဓမ္မာ'အိုသွေး'တရားတွေဖြစ်တဲ့
"အညသမာန"ဆိုတဲ့တရားတွေက
သာမန်ကြည့်ရင်မထင်ရှားလှဘူး၊
အထွေထွေလုပ်သားတွေအဆင့်လောက်ပဲ။
ဒါပေမယ့်..
ပေါ်ပြူလာတရားတွေ ပေါ်ပြူလာဖြစ်ဖို့ကျတော့
သူတိုကမှ တကယ့်ဆရာကြီးတွေအစစ်ပါ။
ခပ်တိုင်းငံပဲခူးဆားဖြစ်တဲ့
'သဗ္ဗစိတ္တသာဓာရဏ'စေတသိက်တွေလို့
အထင်သေးခံရတဲ့
တရားတွေကိုကြည့်မလား။
၁+ဖဿ'တဲ့၊
သူကသာအာရုံနဲ့တွေ့မပေးရင်
ကျန်တဲ့တရားတွေ'အရံခုံမှာစောင်ခြုံ'သာနေကြ!
၂+ဝေဒနာ'တဲ့၊
သူမပါရင်
မဂ်ဖိုလ်တို့လဲနိဗ္ဗာန်ရဲ့'ဝိမုတ္တိရသ'ဆိုတာ
ဘာရယ်လို့သိလိုက်မှာမဟုတ်ဘူး။
၃+သညာ'တဲ့၊
အမှတ်မရှိတဲ့အသဲ ကောင်းချင်ကောင်း၊
ကွဲချင်ကွဲ၊စာထဲမထည့်နဲ့!
၄+စေတနာ'တဲ့၊
သူမပါရင်ကံမမြောက်လို့
'ကမ္မဿကတသမ္မာဒိဋ္ဌိ'ဆိုတာတောင်
ကြားဖူးလိုက်မှာမဟုတ်ဘူး။
၅+ဧကဂ္ဂတာ'တဲ့၊
သိတယ်မှို့လား၊အများကြိုးစားနေတဲ့'သမာဓိ'ဆိုတာ၊
သူမရောက်လာသမျှ
'ဈာန်တွေ၊မဂ်,ဖိုလ်တွေလဲ
ခေါင်းပြူခွင့်ကိုမရနိုင်ဘူး။
၆+ဇီဝိတိန္ဒြေ'တဲ့
သူမရှိရင် ရုပ်ရောနာမ်ရော
အားလုံးမသာဖြစ်ကုန်မယ်။
၇+မနသီကာရ'တဲ့၊
သူမပါရင် ဘယ်အာရုံလာလာ
'ဧည့်သည်ညဉ့်နက် အဝင်ခက်'ဖြစ်ကုန်မယ်။
ဒီတရား(၇)ပါးမပါရင်
ဘယ်နာမ်တရားမှ ဖြစ်ခွင့်မရဘူးလေ၊
ဒါကြောင့်
'စိတ်'နဲ့ဒီတရား(၇)ပါးကို
'အဝိနိဗ္ဘောဂနာမ်ရှစ်ပါး'လို့တောင်
ဆိုနိုင်တယ်။
အရေးပါမှရွေးပါတတ်တဲ့"ပကိဏ်းစေတသိက်"ဆိုတဲ့တရားတွေကြည့်လိုက်ဦး!
၁+'ဝိတက်'စေတသိက်က
အပေါင်းပါတရားတွေအရေးပါနိုင်ဖို့အတွက်
အဓိကအကျဆုံး၊
သူကအာရုံပေါ်ရှေးရှုတင်ပေးမှ
ကျန်တဲ့အဖော်တွေဖြစ်ခွင့်ရကြတာ၊
သူကတကယ့်ဆရာကြီးအစစ်။
သူကသာအာရုံပေါ်တင်မပေးရင်
ပေါ်ပြူလာတွေ ခေါ်သူမလာလို့
အရုပ်ကြိုးပြတ်ဖြစ်နေမှာသေချာတယ်။
လျှော့မတွက်နဲ့
'ဈာန်'ဆိုလဲ သူကရှေ့ဆောင်၊
'မဂ်'ဆိုလဲ'ပညာ'ဖြစ်ရေးမှာ
အရေးအပါဆုံး'ရှေ့ပြေးပညာမဂ္ဂင်'လေ။
၂+ဝိစာရ၊
သူကပေါ်ပြူလာတွေကိုအသက်ဆက်ပေးတဲ့
တကယ့်အသက်သွေးကြောကြီး။
သူကသာသုံးသပ်ဆင်ခြင်မပေးရင်
ဝိတက်ကြောင့်အာရုံပေါတက်ခွင့်ရတဲ့
ပေါ်ပြူလာတရားတွေ
စဉ်ပေါ်မှာကြိုးဆွဲမရီတဲ့'ရုပ်သေးရုပ်'ကလေးတွေ
ဖြစ်နေမှာမလွဲပဲ။
၃+အဓိမောက္ခ'တဲ့၊
သူ့ထက်သူလူစွမ်းကောင်းကြီးပဲ။
သူကဆုံးဖြတ်ချက်ချမပေးရင်
ပေါ်ပြူလာကြီးတွေ'ငေး'နေရုံပဲ။
၄+ဝီရိယ'တဲ့၊
တကယ့်မောင်းနှင်ရုန်းကန်အား။
သူမပါရင် ကျန်တရားတွေ
အင်ဂျင်မနိုးတဲ့'ကားစုတ်'ဖြစ်ကုန်မယ်။
ဘာမှတ်နေလဲ
'သတိပဋ္ဌာန်'မှာသူကတွန်းအား။
'မဂ္ဂင်'မှာအဓိကမောင်နှင်အား
'သမာဓိမဂ္ဂင်'ရဲ့မပါမပြီးဆရာကြီး။
'ဣန္ဒြေ'တို့၊'ဗိုလ်'တို့၊'ဗောဇ္ဈင်'တို့ဆိုလဲ
သူပဲအသက်သခင်မောင်းနှင်အားပဲ။
၅+ပီတိ'တဲ့၊
သူကကျေနပ်မပေးရင်
ကုသိုလ်တွေ၊အကုသိုလ်တွေကို
ဘယ်သူကမှတရားရာသွင်းမှာာမဟုတ်တာ
သေချာတယ်။
၆+ဆန္ဒ'တဲ့၊
သူမပါရင် ပေါ်ပြူလာအားလုံး'
မှိုင်းမရှိတဲ့မီးပုံးပျံလို'ငုတ်တုတ်မေ့ပြီ'သာမှတ်။
ဒါပါပဲ၊
အထွေအထူးမပြောလိုဘူး၊
ကုပ်ကုပ်နေတိုင်း'တစ္ဆေ'မမှတ်နဲ့!
ဘုရားစောင်းတန်းမှာ စကားတတ်တဲ့
ကျက်တူရွေးလေးတွေက
ဘုရားဖူးတွေလာတိုင်း ပြူပြူငှာငှာ
နှုတ်ဆက်ကြတော့ ဘုရားဖူးတွေက
သဘောကျပြီးချီးကျူးကြ၊အစာကျွေးကြနဲ့။
သာလိကာကြီးကတော့ မတုံမလှုပ်ကျောက်ရုပ်။
ဒါကိုကြည့်ပြီး-
"ဒီကောင်ကြီးကတော့ ဠင်းတမှိုင်မှိုင်နေတာ၊
ဘာမှတတ်မှာကြီးမဟုတ်ပါဘူး"ဆိုလိုက်တော့မှ-
တစ်ခွန်းပဲပြန်ပြောလိုက်တယ်၊
"မင့်အဘကြီးက ပိုတတ်သေး"တဲ့။
ခုလဲ ဒီတရားတွေက'မင့်အဘကြီး'တွေပါ၊
ပေါ်ပြူလာတွေအားလုံးရဲ့
ကျေးဇူးရှင်တရားတွေလေ၊
ဒါကြောင့်လဲ
ကုသိုလ်ကရော၊အကုသိုလ်ကပါ
သူတို့ကိုကပ်ထားရတာပေါ့။
နာမည်မကြီးပေမယ့်
ပါဝါမသေးဘူးဆိုတာ သဘောပေါက်။
တစ်ခုတော့ရှိတာပေါ့လေ..
မိခင်လိုဖြစ်တဲ့'အညသမာန်း'တို့က
မြည်းမတွေဖြစ်နေပြီး..
ကုသိုလ်,အကုသိုလ်တရားတို့က
အဿတိုရ်မြင်းလားကြီးတွေ
ဖြစ်နေတာကတော့
ဓမ္မနိယာမပေါ့။
၂၄.၃.၂၃
ဘာရယ်လို့ဟုတ်ပါဘူး၊
ပျင်းပျင်းရှိလို့
အဘိဓမ္မာသမားတွေကို
လှုပ်နှိုးလိုက်တဲ့သဘောပါ။
 
******************************
 
အဘိဓမ္မာကိုသင်ယူလေ့လာတယ်ဆိုတာ
အဲလို
တရားကိုယ်တစ်ခုချင်းက
ခန္ဓာထဲမှာလုပ်ဆောင်နေတာကို
သိထားရမှာပါ။
တရားကိုခန္ဓာနဲ့ကပ်ပြီးနှလုံးသွင်း
ဆင်ခြင်တာပါပဲ။
"သာဓုကံ မနသိကရောထ!
သေချာနှလုံးသွင်းကြ! ဆိုတဲ့
ဘုရားစကားက
ဒါကိုပြောတာ။
ဒါဟာ
ပရိယတ်ကိုပဋိပတ်နဲ့တပြေးညီ
တွဲကျင့်တာလဲမည်တယ်။
ဘုရားရှင်ရဲ့ဒေသနာအဆုံးမှာ
မဂ်ဖိုလ်ဆိုက်ပြီး'ပဋိဝေဓသာသနာ'
ရောက်သွားကြတယ်ဆိုတာ
*သာဓုကံ သုဏောထ!
သေချာနားထောင်!(ပရိယတ္တိ)နဲ့
*သာဓုကံ မနသိကရောထ!
သေချာနှလုံးသွင်းစဉ်းစား!(ပဋိပတ်)ဆိုတဲ့
အကျင့်သာသနာနှစ်ရပ်ကို
တပြေးညီပူးတွဲကျင့်သုံးလို့ပဲ။

 

ဓမ္မဘေရီဆရာတော်
03-24-2023
Facebook