မောလှပြီဆို
ခဏလောက် ရပ်နားကြည့်ပါ
(ဗောဇ္ဈင်ခုနှစ်ပါး ပွားပုံအကျဉ်း)
"သံသရာကြီးက သိပ်ရှည်လျှားတယ်၊
သိပ်လဲပူပင်ရတယ်၊အပူတွေနဲ့ ပြည့်နှက်
နေသလိုပဲ"တဲ့။
ကျုပ်တို့က "ဟိုး..အနမတဂ္ဂကာလကစပြီး
အနုပါဒိသေသနိဗ္ဗာန် မစံရမီအထိ"လို့
ထင်ပြီးစဉ်းစားကြည့်ရင်း..
"အင်း..ဟုတ်ပေမှာပဲ"လို့မှတ်ချက်ချမိ
တတ်ကြပါတယ်။
တကယ်က ဒီတစ်ဘဝရောက်လာပြီး
သိမှတ်တတ်ချိန်ကစလို့ ခုရောက်ဆဲ
အချိန်ထိ၊ပြီးတော့-နောက်ထပ်နောက်ထပ်
ဖြတ်သန်းရမည့်တစ်ဘဝသံသရာ..
ကြုံတွေလာနိုင်တဲ့အခက်အခဲတွေ..
အဲဒါတွေစဉ်းစားလိုက်ရင်ကို
ဒီစိတ်ကလေးတစ်ခုရဲ့ မရပ်မနား
ပြေးသွားနေရတဲ့ခရီး..၊
ကိုယ့်အတွေးနဲ့ကိုယ်
ရန်သူတွေဖန်ဆင်းပြီး ရန်ပြုတိုက်ခိုက်ရ၊
မိတ်ဆွေတွေ၊ချစ်သူတွေလိုဖန်ဆင်းပြီး
ကွေကွင်းရမည့်အရေးတွေ တွေးပူရနဲ့ကို
အတော်ရှည်လျှား ပူလောင်နေကြရတာပါ။
တစ်နေ့တာအလုပ်အသီးသီးကိုပဲ
ပြီးပြီးသားပြန်တွေးပြီး ကျေနပ်လိုက်ရ၊မကျေနပ်လိုက်ရ၊
လက်ကျန်တွေအချိန်မီပြီးမှပြီးပါမလား၊
မပြီးရင်ဘယ့်နှယ်လုပ်ရတ်ပါ့၊
ပြီးသွားတဲ့အထဲက အမှားတွေကိုရော
ဘယ်လိုရှင်းရပါ့။
စိတ်ကအတွေးမရပ်သမျှ
သက်သာခွင့်၊ပျော်ရွှင်ကြည်နူးခွင့်ထက်
မသက်မသာတွေ၊မျှော်လင့်ချက်တွေ၊
တွက်ခြေမကိုက်မှုတွေနဲ့ ပူလောင်ခံစား
နေကြရတာ ရပ်နားနိုင်တယ်ကိုမရှိပါဘူး။
'အနမတဂ္ဂ'သံသရာကြီးမပြောနဲ့၊
တစ်နေ့တာသံသရာကိုက ရှည်လျှားပူလောင်
နေကြရမှာပါပဲ။
တကယ်တော့ သံသရာကြီးက
ရှည်လျှားနေတာမဟုတ်ပါဘူး။
ကျုပ်တို့စိတ်ကလေးက မရပ်မနားနိုင်ဘဲ
ရှေ့ရေးနောက်ရေးတွေ အတွေးရှည်နေကြတာပါ။
'ပူတယ်'ဆိုတာလဲ သံသရာကြီးက
ပူနေတာမဟုတ်ဘူး၊ကျုပ်တို့စိတ်ရဲ့
အတွေးအကြံတွေမှာ တွဲပါနေတဲ့
ချစ်ခြင်းမုန်းခြင်းတွေ တစ်လှည့်စီမွှေရင်း
"မုန်းဆုံ ချစ်ကွဲ"အပူတွေကသာ ပူနေကြရတာပါ..တဲ့။
"ဒီသံသရာကြီးရပ်သွားရင် ဘယ်လောက်များအေးချမ်းလေမလဲ"လို့
သိချင်တယ်၊စမ်းကြည့်ချင်တယ်၊ဆိုရင်တော့-
အဲဒီ"နောက်ပြန်တွေးနဲ့ရှေ့မျှော်တွေး"တွေကို
ခဏလေးရပ်လိုက်ပြီး ခန္ဓာကိုယ်မှာ
အထင်အရှားတွေ့နေရတဲ့ 'ထွက်လေဝင်လေ'ပေါ်မှာဖြစ်စေ၊
တခြားလှုပ်ရှားမှု၊ခံစားမှု တစ်ခုခုပေါ်မှာ
ဖြစ်စေ စိတ်ကလေးမှာသတိလေးကပ်ပြီးရပ်နားကြည့်လိုက်ပါ"တဲ့။
အဲဒါ'သတိသမ္ဗောဇ္ဈင်'ခေါ်တာပေါ့။
စိတ်ကလေး သတိနဲ့တွဲကပ်မိပြီး
ပစ္စုပ္ပန်တည့်တည့်လေးပေါ်မှာ ရပ်မိလိုက်တာနဲ့
"ရှေ့နောက်တွေ ဗလာကျ"သွားပြီး
သူတို့နဲ့ပတ်သက်တဲ့အပူတွေလဲ
ရပ်သွားပါလိမ့်မယ်။
အပူတွေရပ်သွားတာနဲ့အမျှ "လက်ရှိ
သိနေရတဲ့ပစ္စုပ္ပန်အာရုံလေးကရော
ဘယ်လောက်ကြာရှည်ခံပြီး၊
ဘယ်လိုသဘောရှိလဲ"လို့ သိလို၊စူးစမ်းလိုတဲ့စိတ်လေး ဖြစ်လာပါမယ်။
အဲဒါ"ဓမ္မဝိစယသမ္ဗောဇ္ဈင်"(တရားကိုစူးစမ်းလိုမှုပညာ)ပါ။
အသစ်တွေ့ရှိရတဲ့အသိလေးပေါ်လာတာနဲ့အမျှ
"အသိက အပူကိုဖယ်ရှားတတ်လို့"
အအေးဓာတ်ကလေးကို နဲနဲမြည်းစမ်းခွင့်
ရကြမှာပါ။
အရသာထူးလေးခံစားခွင့်ရလာတော့
ပိုမိုပြီးသိချင်စိတ်လဲ ထက်သန်လာပြီး
ပိုမိုကြိုးစားတဲ့'ဝီရိယ'လဲ အားကောင်း
လာပါလိမ့်မယ်။
အဲဒါကို"ဝီရိယသမ္ဗောဇ္ဈင်"ခေါ်တာပါပဲ။
ဝီရိယအားကောင်းသလောက် သိမှုက
အားကောင်းလာတဲ့အခါ -
"အသိလင်းသလောက် အပူကင်းပြီး"
အလုပ်အပေါ်ကျေနပ်နှစ်သက်မှုတွေလဲ
တိုးလာပါတယ်။
အဲဒါကို"ပီတိသမ္ဗောဇ္ဈင်"ခေါ်တာပါ။
'ပီတိ'ဆိုတာ'ကျေနပ်နှစ်သက်မှု'ပါ။
ဒီကျေနပ်နှစ်သက်မှုလေးဟာ..
လောကီအာရုံ ကာမဂုဏ်တွေအပေါ်
ကျေနပ်နှစ်သက်ရတာလို လောဘ,မာန
စတဲ့အပူတွေမပါတဲ့အတွက်
'ဖြစ်နေတဲ့ပီတိစိတ်'လေးရော၊
ဒီစိတ်လေးတည်မှီရာ ကိုယ်ကာယ
တစ်ခုလုံးပါ အေးချမ်းနေပါတယ်။
အဲဒါကို"ပဿဒ္ဓိသမ္ဗောဇ္ဈင်"ခေါ်တာပါ။
သိကြတဲ့အတိုင်းပဲ
စိတ်ဆိုတာ ဘယ်အပူကမှ အနှောက်အယှက်မပေးဘဲ အေးချမ်းနေရင်..
ဘယ်အာရုံဆီမှ မပြေးလွှားတော့ဘဲ
တည်ပြီးကြည်လင်နေပါတယ်။
အဲဒါ"သမာဓိသမ္ဗောဇ္ဈင်"ပါပဲ။
စိတ်ကလေး ဒီလိုတည်ငြိမ်နေပြီဆိုရင်..
အဋ္ဌကထာဆရာတို့ဥပမာပေးတာကတော့-
"ချိုင့်ခွက်,ခလုတ်ကင်းတဲ့ သဲဖုန်ဖုန်နဲ့
လမ်းပြေပြေ ဖြောင့်ဖြောင့်လေးမှာ
နွာယဉ်ယဉ်ရုံးနေတဲ့လှည်းကိုမောင်းနှင်နေရသူဟာ..
နွားငေါက်နေစရာ၊ကြိုးဆွဲလှည့်ပေးစရာ
ဘာမှကြောင့်ကြမစိုက်ရဘဲ
ကြိုးလေး မလျှော့မတင်းကိုင်ပြီး
အေးအေးဆေးဆေးမောင်းနေသရလို ..
ဒီစိတ်နဲ့သတိဟာလဲ ဘာကိုမှ
အထူးကြောင့်ကြစိုက်အားထုတ်နေစရာမလိုဘဲ
ပုံမှန်လေးမှတ်သိပေးနေရုံပါပဲ"တဲ့။
အဲဒါကို"ဥပေက္ခာသမ္ဗောဇ္ဈင်"ဖြစ်တယ်ခေါ်ပါတယ်။
ဒီနေရာမှာ'ဥပေက္ခာ'ဆိုတာ အထူးကြောင့်ကြ
စိုက်စရာမလိုပဲ အားထုတ်နေနိုင်တဲ့သဘောပါပဲ။
ကဲ-ပျော်ဘွယ်က ဒေါ်နွယ်ရည်လင်းနဲ့
ကွန်မင့်ကနေတောင်းဆိုထားကြတဲ့
ဓမ္မမိတ်ဆွေတို့ သိချင်ကြပါတယ်ဆိုတဲ့
"ဗောဇ္ဈင်ခုနှစ်ပါး အကျဉ်းချုပ်"ဆိုတာ
ဒါပါပဲဗျာ...
ခေါင်းစည်းက"ဗောဇ္ဈင်ခုနှစ်ပါး"လို့
တပ်ထားပေမယ့်
အလုပ်က"သတိပဋ္ဌာန်အလုပ်"ပါပဲ။
သတိပဋ္ဌာန်အားကောင်းလာတာနဲ့အမျှ
"ဗောဇ္ဈင်"တွေက-
တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတာပါ။
ဒါကိုပဲ"တရားတက်တယ်"လို့
ဆိုလိုက ဆိုနိုင်ပါတယ်။
မဂ်ဉာဏ်အဆင့်ထိ အဆင့်ဆင့်
မြင့်သွားတဲ့ "သမ္မပ္ပဒါန်,ဣဒ္ဓိပါဒ,ဣန္ဒြေ,
ဗိုလ်,ဗောဇ္ဈင်,မဂ္ဂင်"(ဗောဓိပက္ခိယ)
တရားတွေဆိုတာ "သတိပဋ္ဌာန်တရား"
ပွားများအားထုတ်ရင်း မြင့်တက်သွားတဲ့
တရားအဆင့်ဆင့်တွေပါ။
ဘယ်ခေါင်းစဉ်တပ်ထားထား..
"သတိပဋ္ဌာန်လေးပါး"ကိုပဲ ပွားရမှာပါ။
(ရှင်းပြီလားပဲ၊
"ဗောဇ္ဈင်ပွားချင်တယ်"ဆိုရင်လဲ
"သတိပဋ္ဌာန်လေးပါး"ကိုပဲပွားရမှာလို့
ပြောတာ။
+ဧကာယနော မဂ္ဂေါ=သာသနာမှာ
ကျင့်ကြံပွားများစရာဆိုလို့
"သတ်ပဋ္ဌာန်လေးပါး"တစ်လမ်းပဲရှိတယ်”တဲ့။
သတိပဋ္ဌာန်ကလွဲပြီးအခြားပွါးစရာလမ်း
လုံးဝမရှိဘူး။
ရှိတယ်ဆိုရင်လဲ ဘုရားအဆုံးအမ
(သာသနာ)လုံးဝမဟုတ်ဘူး။
သူများပါးစပ်ဖျားမှာ စမ်းတဝါးဝါး
ဖြစ်နေသူတွေများလို့ အထပ်ထပ်
မှာနေရတာပါ။)
စမ်းကြည့်တော့
လမ်းသိသွားပါလိမ့်မယ်။
"အသိဝိဇ္ဇာနဲ့အကျင့်စရဏ"
တွဲမိပြည့်စုံပြီး"ဝိဇ္ဇာစရဏသမ္ပန္န"
ဖြစ်အောင်သာ အားထုတ်ကြပေရော့..!
တရားအသိနဲ့ အေးချမ်းကြပါစေ..