ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၈)

ယောဆရာတော်ဘုရားကြီး

ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၈)
? ? ??? ??? ? ??? ? ?
၄၅။ စိတ်ကလေးကိုနေရာပေးတာ
***************************************
မနက်အိပ်ရာထလာရင်
ဘုရားအာရုံတရားအာရုံ၊
ကုသိုလ်အာရုံယူကြတာဆိုတာ
စိတ်ကလေးကို နေရာပေးတာ။
ရုပ်ထားစရာနေရာ
ဘယ်လောက်ပဲပြည့်စုံအောင်ရှိပေမယ့်
စိတ်ထားစရာနေရာမရှိရင်
ရှိသမျှဒုက္ခချည်းပဲ၊
ရှိသမျှပြဿနာချည်းပဲ၊
ရှိသမျှအပူချည်းပဲ၊
ဘယ်ဟာမှ လုံခြုံမှုမရှိဘဲ
အမြဲတမ်းပူနေရပါလိမ့်မယ်။
၄၆။ စိတ်ကလေးကိုအစာကျွေးတာ
***************************************
မနက်အိပ်ရာထတော့
ကော်ဖီလေး တစ်ခွက်သောက်ဦးမှလို့
စဉ်းစားကြသလိုပေါ့။
မနက်အိပ်ရာထတဲ့အခါ ဘုရားရှိခိုးတယ်၊
သရဏဂုံဆောက်တည်တယ်၊
သီလဆောက်တည်တယ်၊
မေတ္တာပွားတယ်၊
တရားအလုပ်လုပ်တယ်ဆိုတာ
စိတ်ကလေးကို အစာဝအောင် ကျွေးတာ။
ဘုရားအာရုံ၊ တရားအာရုံ၊
ကုသိုလ်အာရုံနဲ့ အဲသလိုနေလာတယ်၊
ပြီးသွားတာနဲ့ စိတ်ကိုပေါ့လို့
ခန္ဓာကိုရှင်းလို့။
စိတ်အစာ မကျွေးရင်
ရုပ်အစာ ဘယ်လောက်ပဲဝဝ၊
အပူမငြိမ်းပါဘူး၊ အကြောက်မပြေပါဘူး၊
အငိုမတိတ်ပါဘူး၊
ပြဿနာရှင်းပေးမှာလဲ မဟုတ်ပါဘူး။
၄၇။ ကိလေသာကို သိဖို့အရေးကြီးတယ်
***************************************
သာသနာတွင်းလူဖြစ်ရတာ၊
ကိလေသာဖြစ်တာတောင်မှ
အမြတ်ထွက်တယ်၊
ပုထုဇဉ်ဆိုတာ ကိလေသာနဲ့
ဘယ်ကင်းနိုင်မလဲ၊
အဲဒီဖြစ်တဲ့ ကိလေသာကို
သိဖို့ပဲ အရေးကြီးတယ်။
သတိပဋ္ဌာန်ပါဠိတော်မှာ
ဟောတဲ့အတိုင်းပေါ့၊
ရာဂဖြစ်ရင် ဖြစ်တယ်လို့ သိတယ်၊
ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိတယ်၊
(၁၀)ချက်ဖြစ်ရမှာ (၅)ချက်နဲ့မိသွား၊
တစ်ဝက်သက်သာ နည်းတာမှတ်လို့။
(၅)ချက်ဖြစ်ရမှာ (၂)ချက်လောက်နဲ့
ရပ်သွား၊ သက်သာသွား၊ နည်းတာမှတ်လို့၊
တစ်ခါတစ်ရံ (၁)ချက်ထဲနဲ့
ရပ်သွားမနည်းဘူး၊
ကိလေသာဖြစ်တာတောင်
ဘာဝနာအခြေခံတွေ ဖြစ်သွားတယ်။
၄၈။ စိတ်ထားစရာနေရာ
***************************************
ဤခန္ဓာကိုယ်မှာ ...
ရုပ်ထားစရာနေရာက တစ်မျိုး၊
စိတ်ထားစရာနေရာက တစ်မျိုးလို့
(၂)မျိုးရှိတယ်၊
စိတ်အတွက် နေ့စဉ်နေ့စဉ်ထားစရာ
တရားအာရုံလေးတွေရအောင်လဲ
ယူကြရမယ်၊ အားအောင်စောင့်ဖို့ မလိုဘူး။
ဘယ်လောက်ကောင်းတဲ့
တိုက်တာကြီးတွေနဲ့ နေရ နေရ၊
ဘယ်လောက်အဆင့်မြင့်တဲ့
နေရာကောင်းမှာ နေရ နေရ၊
စိတ်ထားစရာ နေရာမရှိရင်တော့၊
ကြောက်နေပူနေရမှာပါ။
ရွှေပုံကြီးပေါ်မှာ၊ ငွေပုံကြီးပေါ်မှာ
ထိုင်ပြီးတော့ငိုနေရမှာ၊ ကြောက်နေရမှာ၊
ပူနေရမှာ၊ ရန်ဖြစ်နေရမှာ။
ဘုရားအာရုံ၊ တရားအာရုံ၊
ကုသိုလ်အာရုံဆိုတဲ့ စိတ်နေရာလေးတွေ၊
ပဓါနအားဖြင့် သတိပဋ္ဌာန် အာရုံဆိုတဲ့
နေရာကောင်းလေးတွေ ရှိသွားတဲ့
ပုဂ္ဂိုလ်တော့၊ ကောင်းစွာလုံခြုံတယ်။
စိတ်ထားစရာနေရာရှိရင်
ပစ္စုပ္ပန်မှာလဲ တွေ့သမျှအာရုံနဲ့
အဆင်ပြေအောင် ငြိမ်းချမ်းအောင်
စွမ်းအားတက်အောင် နေတတ်တယ်၊
သူ့အတွက် ဘဝကူးဘာမှပူစရာမလို၊
သူ့အတွက် သံသရာကူးပူစရာမလို၊
သူ့အတွက် နိဗ္ဗာန်ကူး ဘာမှပူစရာမလို၊
သူ့အတွက် စားဝတ်နေရေးသည်
ကုသိုလ်နဲ့တစ်သားတည်း ပေါင်းထားတာ။
၄၉။ စိတ်ကျွေးစရာအစာ
***************************************
ဤခန္ဓာကိုယ်မှာ
ရုပ်ကျွေးစရာအစာရယ်၊
စိတ်ကျွေးစရာအစာရယ်လို့
(၂)မျိုးရှိတယ်။
ကောင်းပေ့ဆိုတဲ့အစာတွေ
ဝအောင်ကျွေးထားပေမယ့်
စိတ်အစာဝအောင် မကျွေးရင်တော့
ပူမှာပဲ၊ ကြောက်မှာပဲ၊
အန္တရာယ်တွေ ဝိုင်းနေကြမှာပဲ။
စိတ်အစာကျွေးမှသာ
စွမ်းအားပြည့်တယ်၊
ဒီစိတ်အစာဟာ
အလကား ဖြစ်မသွားဘူးလေ၊
ကိုယ့်စီးပွားရေးကို ပြန်အကျိုးပြုမှာ၊
ဘဝခန္ဓာထမ်းဆောင်ရေးကို
ပြန်အကျိုးပြုမှာ။
ဒီတော့ သာသနာတွင်း
လူဖြစ်တဲ့ပုဂ္ဂိုလ်များ
အသိတရား ရှိသူများဟာ
စိတ်အစာလည်း လိုအပ်တယ်လေ။
ဒါကြောင့်မနက်အိပ်ရာထ၊
ဘုရားရှိခိုးတဲ့အဓိပ္ပါယ်ကို
နားလည်သွားပြီ၊ ညအိပ်ရာဝင်ခါနီး
ဘုရားရှိခိုးတဲ့အဓိပ္ပါယ်တွေ၊
မေတ္တာပို့တဲ့ အဓိပ္ပါယ်တွေ၊
တရားထိုင်၊ တရားရှုမှတ်တဲ့
အဓိပ္ပါယ်တွေ နားလည်သွားပြီ။
စိတ်အတွက်
အစာကျွေးနေတာပါလားလို့
အမြင်ရှင်းသွားကြပြီ။
၅၀။ လောဘနှင့်ပစ္စည်းဥစ္စာရှာသူ
***************************************
ပစ္စည်းဥစ္စာနဲ့ ဘယ်သူမှ မကင်းနိုင်ကြဘူး၊
ဒါပေမယ့် လောဘနဲ့ရှာတာနဲ့၊
အကန့်လေးတွေ သဒ္ဓါ၊ အသိပညာ၊
မေတ္တာပါတာ ဒါပဲကွာတယ်။
လောဘနှင့်ပစ္စည်းရှာသူလက်ထဲ
ပစ္စည်းရောက်လာရင်
အမှိုက်ပုံစံနဲ့ ဝင်လာတယ်။
လောဘနှင့် ပစ္စည်းရှာသူလက်ထဲ
ပိုက်ဆံတစ်ရာတန်လေးတစ်ရွက်
ရောက်လာတယ်ဆိုရင်
“ကျွန်တော်တော့
အမှိုက်ပုံထဲသွားမှာပါ ခင်ဗျ” လို့
ပါးစပ်မပြောဘူး၊ တရားသဘောက
အမှိုက်ပုံဘက်ဦးတည်နေတယ်။
၅၁။ သဒ္ဓါ၊အသိပညာ၊မေတ္တာနှင့်ပစ္စည်းဥစ္စာရှာသူ
*******************************************
သဒ္ဓါတရားတွေ၊ အသိပညာတရားတွေ၊
မေတ္တာတရားတွေနဲ့၊ ပစ္စည်းဥစ္စာရှာသူ
လက်ထဲရောက်လာတဲ့ ပစ္စည်းဟာ
ရတနာ ပုံစံပေါ်လာကြတယ်။
သဒ္ဓါတရားတွေ၊ အသိပညာတရားတွေ၊
မေတ္တာတရားတွေနဲ့
ပစ္စည်းဥစ္စာရှာသူလက်ထဲ၊
ရာတန်လေးတစ်ရွက် ရောက်လာတော့
“ကျွန်တော်တော့ သိန်းသန်းကုဋေ မက၊
အမြတ်တွေ ပေါ်အောင် ရတနာပုံစံနဲ့
အင်အားတွေ ဖေါ်ထုတ်ပေးမှာပါခင်ဗျ” လို့
ပါးစပ်က မပြောပေမယ့် တရားသဘော
အဲသလိုဆောင်ပြီးတော့ သွားပါတယ်။
တရားဘက်ကို
စွမ်းအားရအောင် ဦးတည်နေတယ်၊
အဲသလိုဆိုတော့ ရတနာပုံစံနဲ့ရအောင်
မြှင့်တင်ပေးရမှာပေါ့။
၅၂။ စီးပွားရှာတော့ ဘာလုပ်ဖို့လဲ
***************************************
စီးပွားဘာဖြစ်လို့ ရှာတာလဲမေးရင်
ခန္ဓာကိုယ်ကြီး အသုံးချဖို့အတွက်ပေါ့လို့
အဖြေပေးမယ်။
ခန္ဓာကိုယ်ကြီး အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ ခွန်အားတွေတိုးဖို့၊
ဉာဏ်ပညာတွေပွားဖို့အတွက်၊
စီးပွားရှာရတာ၊
ဒီလိုဆိုရင် စားဝတ်နေရေး
ပြည့်စုံမှဖြစ်မယ်၊ အခြေခံက
ဒီလိုကွင်းဆက်လေးနဲ့လာတာ။
ဒီလိုဆိုရင် ကိုယ့်အတွက်ကျွေးတာတောင်
ကုသိုလ်ဖြစ်နေတယ်၊
ကိုယ့်အတွက်ကျွေးတာဟာ
ပစ္စယသန္နိဿိတသီလအခြေခံတဲ့
စားဝတ်နေရေးဖြစ်နေတယ်။
ဒါနရဲ့အခြေခံလဲ ဟုတ်တယ်၊
သီလရဲ့အခြေခံလဲ ဟုတ်တယ်၊
သမာဓိ၊ ပညာခေါ်တဲ့
ဘာဝနာရဲ့ အခြေခံလဲ ဟုတ်တယ်။
ဒါကြောင့် ကိုယ်ဟာကိုယ်
ကျွေးရမယ့်အတူတူ၊
ကုသိုလ်ရတဲ့နည်းနဲ့ပဲ ကျွေးတော့မှာပေါ့၊
မှိုက်ထဲပါသွားမယ့်ပုံစံနဲ့
ဘယ်ကျွေးလို့ ဖြစ်ပါ့မလဲ
ကုသိုလ်ရတဲ့ပုံစံနဲ့ကျွေးမှ၊
ချွေးထွက်ရကျိုးနပ်မှာပေါ့၊
ပင်ပန်းရကျိုးနပ်မှာပေါ့၊
မောရကျိုးနပ်မှာပေါ့။
 
အရှင်သိရိန္ဒာဘိဝံသ
{တိပိဋကဓရ ယောဆရာတော်ဘုရားကြီး}
တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက
(ယောဆရာတော်)
ဩဝါဒပဒေသာများ
⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ယောဆရာတော်ဘုရားကြီး
04-23-2023