ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၇)

ယောဆရာတော်ဘုရားကြီး

ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၇)
? ? ??? ??? ? ??? ? ?
၃၈။ ပုထုဇဉ်၏သဘောသဘာဝ
****************************************
ပုထုဇဉ်ဆိုတာ ကိလေသာနဲ့နေရတော့၊
ကိလေသာအညှီအဟောက်တွေ၊
ကိလေသာအနံ့တွေ၊
လိုအပ်တာထက်ပိုပြီး
လွန်ကဲလာတဲ့အခါမှာ
အညှီအဟောက်နံ့တွေ ထွက်လာတယ်၊
ပတ်ဝန်းကျင်ရဲ့ အော့စရာ, အန်စရာ,
နှလုံးနာစရာ ဖြစ်လာတယ်။
ဘယ်သူမှ မသုံးချင်ဘူး၊
ဘယ်သူမှလဲ မယုံဘူး၊
ဘယ်သူမှလဲ လူရာမသွင်းဘူး၊
ဝိုင်းပယ်ခံရတယ်။
ပုထုဇဉ်ဟာ သားစိမ်း ငါးစိမ်းနဲ့တူတယ်၊
သူ့ အတိုင်းထားပြီး စားလို့မရဘူး၊
ဘာကြောင့်လဲဆိုတော့
မပြုပြင်မချက်ပြုတ်လို့ပေါ့။
သားစိမ်းငါးစိမ်းကို
သေသေချာချာ ရေနဲ့ဆေးကြော၊
စင်းခုတ်၊ ဆီ၊ ဆားစသည်ဖြင့်
မွှမ်းထုံပြီး၊ ချက်ပြုတ်တတ်တဲ့
ပုဂ္ဂိုလ်က ချက်ပြုတ်လိုက်ရင်၊
အနံ့အရသာကောင်း၊
အဆင်းလှတဲ့ပွဲတိုးတဲ့
ဟင်းတစ်ခွက်ဖြစ်လာတယ်၊
စားချင်စရာကောင်းလာတယ်၊
လူကိုအားဖြစ်စေတဲ့ အစားအစာရယ်လို့
ဖြစ်လာတယ်။
အဲဒီအတိုင်းပဲ
ကိလေသာနဲ့နေရတဲ့ ပုထုဇဉ်ဆိုတာ၊
ပညာရှိသူတော်ကောင်းတွေရဲ့
မွမ်းမံပြင်ဆင်မှု၊ (ချက်ပြုတ်မှုနဲ့တူတဲ့)
လမ်းညွှန်မှု၊ ဆုံးမမှုကိုရမှသာလျှင်
ပွဲဝင်တယ်၊ လူလိမ္မာဖြစ်တယ်။
ပတ်ဝန်းကျင်က သူ့ကိုသိပ်ချစ်ခင်ကြ၊
မြတ်နိုးကြတယ်၊ ဘယ်နေရာမဆို
သူ့ကိုနေရာတိုင်း သုံးချင်တာပဲ၊
နေရာတိုင်းရှေ့ထားချင်တာပဲ။
ပုထုဇဉ်ဆိုတာ
ကိလေသာအညှီအဟောက်တွေကိုရှင်းပြီး
ပညာရှိသူတော်ကောင်းတွေရဲ့
လမ်းညွှန်ပြုပြင်သွန်သင်မှုကို
ရမှသာလျှင် အဖိုးတန်တဲ့လူဖြစ်တယ်၊
ကုသိုလ်လဲရ၊ ဝမ်းလဲဝတဲ့
အထက်တန်းစားလူ ဖြစ်နိုင်တယ်။
၃၉။ ကုသိုလ်မရှာရင်
****************************************
ကုသိုလ်ဆိုတာ စိတ်ကောင်းက
ဖေါ်ထုတ်လို့ရတဲ့ လူ့စွမ်းအားပါ၊
ကုသိုလ်ကို မရှာဘဲ
ပစ္စည်းကိုသာ ရှာနေရင်၊
နောက်ထပ်လဲ ခန္ဓာကိုသာရှာနေရင်
ရလာသမျှတွေဟာ အဆိပ်တွေချည်းပဲ။
? လူ့လောကဆိုတာ
အဆိပ်ထဲနေရတာပဲ။
? ပြုံးနေတုန်း မဲ့ကြရတယ်။
? ရှင်းနေတုန်း ရှုပ်ကြရတယ်။
? တက်နေတုန်း လိမ့်ကျကြရတယ်။
? ဒီတော့ အဆိပ်ဖြေဆေးရှာရမယ်။
? အဆိပ်ဖြေဆေးက သတိနဲ့မေတ္တာ။
၄၀။ သတိ၏သဘောသဘာဝ
****************************************
သတိဆိုတာ၊
တစ်ယောက်ထည်း တည့်အောင်
နေတတ်တဲ့တရား၊
တစ်ယောက်ထဲ တည့်အောင်
နေဖို့ ညွှန်ပြတယ်၊
အချိန်တိုင်း အလေအလွင့် မရှိအောင်
သုံးဖို့လဲညွှန်ပြတယ်။
သတိဆိုတာ၊
ကိုယ့်ကိုကိုယ် အနိုင်ယူတဲ့တရား၊
သတိကိုကိုင်တော့၊ ကိုယ့်ကိုကိုယ်နိုင်တယ်၊
ကိုယ့်ကိုကိုယ်နိုင်တော့
ကြံခိုင်တဲ့စွမ်းအားတွေ ပြည့်တယ်၊
စွမ်းအားတက်အောင် ရယူနိုင်တယ်။
၄၁။ မေတ္တာ၏ သဘောသဘာဝ
****************************************
မေတ္တာ ဆိုတာ ...
ပတ်ဝန်းကျင်ကို အနိုင်ယူတဲ့တရား၊
ပတ်ဝန်းကျင်ကိုနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ
ဘာမှပူစရာမလိုတော့ဘူး၊
ဘယ်သူနဲ့မှလဲ
ပြဿနာဖြစ်စရာမရှိတော့ဘူး၊
တွေ့သမျှလူနဲ့ အဆင်ပြေအောင်
အေးချမ်းတည်ငြိမ်ရင့်ကျက်စွာဖြင့်
ဘဝခရီးကို ဖြောင့်ဖြောင့်လေး
သွားတတ်တယ်။
အားလုံးပေါ်မှာ ချမ်းသာစေချင်တဲ့
မေတ္တာတရားထားတဲ့ ပုဂ္ဂိုလ်ဟာ
အားလုံးအပေါ်မှာ အနိုင်ရတယ်၊
အမြဲတမ်းအေးချမ်းလို့၊
စီးပွားဥစ္စာရှာတာတောင်
မေတ္တာတရားရှေ့ကထားလို့
ရှင်းရှင်းလေးနဲ့ရအောင် ယူတတ်တယ်။
မေတ္တာ ဆိုတဲ့တရားက၊
ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေနဲ့
မလွဲမရှောင်သာ ဆက်ဆံရတဲ့အခါ
ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်
နေတတ်ဖို့ ညွှန်ပြတယ်။
ပတ်ဝန်းကျင်အပေါ် လိမ္မာပါးနပ်စွာ
အနိုင်ယူတတ်ဖို့လဲ ညွှန်ပြတယ်။
ကိုယ့်ကိုကိုယ်မပိုင်လို့
ပထမအရွယ်မှာ ပညာရှာရမယ်၊
မှန်တယ်ပဲထားပေါ့၊
ဒုတိယအရွယ်မှာ စီးပွားဥစ္စာရှာရမယ်။
မှန်တယ်ပဲထားပါတော့၊
တတိယအရွယ်မှာ
တရားဘာဝနာရှာရမယ်ဆိုတာ
ပုံသေမှတ်ထားလို့ မရဘူး၊
ဘာလို့တုန်းဆိုတော့
ကိုယ့်ကိုကိုယ်မပိုင်လို့ပါ။
ဤခန္ဓာကိုယ်ကြီးကို
တတိယအရွယ်ရောက်အောင်နေရမယ်လို့
ဘယ်သူက အာမခံထားလို့လဲ..?
ဤခန္ဓာကိုယ်ကြီးကို
တတိယအရွယ်ရောက်မှ သေစေရမယ်၊
ပထမအရွယ်၊ ဒုတိယအရွယ်မှာ
မသေစေရဘူးလို့၊
ဘယ်သူက အာမခံ တာဝန်ယူထားလို့လဲ..?
ဘယ်သူမှ အာမလဲမခံနိုင်၊
တာဝန်လဲမယူနိုင်
သူ့ဟာသူ အကြောင်းက
ကန့်သတ်လိုက်ပြီးသား။
သူကန့်သတ်တဲ့နောက်၊
ကိုယ်ကမှီအောင်လိုက်ဖို့သာ ကိုယ့်အလုပ်၊
သူ့ကို ကိုယ့်နောက် ဒရွတ်တိုက်ကြီးဆွဲဖို့က
ကိုယ့်အလုပ်မဟုတ်ဘူး။
၄၂။ စရိတ်အလွန်တောင်းတဲ့ခန္ဓာ
****************************************
ခန္ဓာကိုယ်ကြီးဟာ ... တကယ်တော့
စရိတ်အလွန်တောင်းတဲ့ ခန္ဓာပဲ၊
စားဖို့စရိတ်တောင်းတာက တစ်မျိုး၊
နေဖို့စရိတ်တောင်းတာက တစ်မျိုး၊
ဒီပြင် စရိတ်မျိုးစုံ ဆုံးနိုင်တယ်လို့
မရှိအောင် စရိတ်အလွန်တောင်းတယ်။
အတိတ်ဘဝများစွာကို အသာထားလိုက်ဦး
ယခုပစ္စုပ္ပန်ဘဝ၊ မွေးဖွားတဲ့နေ့ကစပြီး၊
ယနေ့အထိ ဉာဏ်နဲ့တွက်ကြည့်ပေါ့။
ဤဘဝ၊ ဤခန္ဓာကိုယ်ကြီး ကျွေးခဲ့ရတာ၊
စရိတ်ဘယ်လောက်ကုန်ခဲ့ပြီလဲလို့
ဉာဏ်နဲ့တွက်ကြည့်၊ အများကြီးကုန်ခဲ့ပြီ။
၄၃။ ကိုယ်ဖို့ကျန်တာ ဘယ်လောက်ရှိသလဲ
****************************************
ကုန်ခဲ့တဲ့ ဘဝခန္ဓာထမ်းဆောင်မှု
စရိတ်တွေကို ဉာဏ်နဲ့ပြန်တွက်ပါ၊
ကိုယ်ဘို့ကျန်တာ ဘယ်လောက်ရှိလို့လဲ..?
ဘဝ ခန္ဓာ ကို
ဒရွတ်တိုက်ဆွဲနေတဲ့ပုဂ္ဂိုလ်တွေ၊
ပစ္စည်းဥစ္စာကို ဒရွတ်တိုက်ပြီး ရှာနေတဲ့
ပုဂ္ဂိုလ်တွေ၊ ရည်ရွယ်ချက်လဲမထား၊
လမ်းကြောင်းလဲမဖေါ်၊
လုပ်ငန်းစည်းကမ်းမူ၊ ဘောင်ရယ်လို့
သတ်မှတ်မှတ် ဘာမှမရှိတဲ့ ပုဂ္ဂိုလ်အတွက်၊
ဘဝခန္ဓာ ထမ်းဆောင်ဖို့စရိတ်တွေ
ကိုယ့်ဘို့ကျန်တာ ဘယ်လောက်ရှိလို့လဲ..?
ကိုယ်ဖို့တစ်ခုမှမကျန်ဘူး၊
အကုန်လုံးအမှိုက်ထဲကိုပါသွားတယ်၊
အားငယ်စရာသိပ် ကောင်းတာပေါ့။
နေ့စဉ်နေ့စဉ် ကျွေးလိုက်ရတာလဲ
ဖပ်ဖပ်မောလို့၊ ကျွေးဖို့ရှာလိုက်ရတာလဲ
ဖပ်ဖပ်မောလို့။
ဘယ်လောက်ကျွေးကျွေး၊
မအိုပါဘူးလို့လဲ အာမမခံ၊
မနာပါဘူးလို့လဲ တာဝန်မယူ၊
မသေပါဘူးလို့လဲ ကတိမပေး။
၄၄။ ကိုယ့်ဖို့ကျန်အောင်
****************************************
သဒ္ဓါတရားနဲ့ အသိတရားနဲ့
မေတ္တတရားနဲ့ သတိတရားနဲ့
အကန့်လေးနဲ့ ရှင်းရှင်းလေးရှာတတ်တဲ့
ပုဂ္ဂိုလ်တွေကျပြန်တော့
ဘဝခန္ဓာထမ်းဆောင်မှုစရိတ်
ကုန်ကျသမျှ အကုန်လုံး
ကိုယ်ဘို့ကျန်တာချည်းဖြစ်သွားတယ်။
ကိုယ့်ဖို့ကျန်အောင်
ယုံကြည်မှု “သဒ္ဓါ”တရားလဲလိုတယ်၊
ရှင်းရှင်းလင်းလင်း မြင်အောင်
ကြည့်တတ်တဲ့ အသိ “ပညာ” လဲလိုတယ်၊
ပစ္စည်းကို ခွဲဝေအသုံးချတဲ့နေရာမှာ
အကျိုးလိုလားတဲ့ “မေတ္တာ” လဲ
လေးလေးနက်နက်လိုတယ်၊
အချိန်မီလေးတွေသုံးဖို့
အကွက်စေ့အောင် သုံးဖို့နေရာမှာ
“သတိ”ကလဲ အရေးတကြီး
လိုအပ်တယ်ပေါ့။
နေ့စဉ်ခန္ဓာဝန်ထမ်းဆောင်တဲ့အခါမှာ
ကိုယ့်ဖို့ကျန်တဲ့နည်းနဲ့ ထမ်းဆောင်မှ ဖြစ်မှာ၊
အားအောင်လဲ စောင့်မနေနိုင်ဘူး၊
ခန္ဓာက မအားအောင် ခိုင်းထားတာ၊
အားတဲ့နေ့ ရောက်မှာလဲမဟုတ်ဖူး။
ခိုင်းတဲ့ကြားထဲက
ကိုယ်ဖို့ကျန်မယ့်အင်အားလေးတွေ
ရအောင်ယူကြရမှာပေါ့။
ဒီနေရာတော့ ဒါနရနိုင်တယ်၊
ဒီနေရာမှာ သီလရနိုင်တယ်၊
ဒီနေရာမှာ မေတ္တာဘာဝနာလေး
တစ်ခေါက်တော့ ရနိုင်သား၊
ဒီနေရာတော့ ဝိပဿနာ အသိလေးတွေ
ယူလို့ ဖြစ်ပေသားလို့၊
အကန့်လေးနဲ့၊ အသိတရားနဲ့၊
ကိုယ့်ဖို့ကျန်မယ့် အင်အားတွေ
ရအောင် ယူကြရမှာပါ။
 
အရှင်သိရိန္ဒာဘိဝံသ
{တိပိဋကဓရ ယောဆရာတော်ဘုရားကြီး}
တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက
(ယောဆရာတော်)
ဩဝါဒပဒေသာများ
⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ယောဆရာတော်ဘုရားကြီး
04-23-2023