တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၁-၂၂-၂၃)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၁-၂၂-၂၃)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၁-၂၂-၂၃)
? ? ??? ??? ? ??? ? ?
၂၁။ အားပေးစကား
****************************************
လူတိုင်းလူတိုင်း ...
မွေးလာတဲ့အချိန်ကနေစပြီး
တစ်နေ့ တစ်နေ့
ဘယ်ကိုသွားနေတာတုန်းဆိုရင်
အိုခြင်း, နာခြင်း, သေခြင်းဆီသွားနေတာ၊
ဒါ ကြောက်စရာစကား မဟုတ်ဘူး၊
တချို့က သေစကားပြောရင်
မင်္ဂလာမရှိဘူး၊ နိမိတ်မရှိဘူး
ဒီလိုထင်တယ်၊
မသေမှာကျနေတာပဲနော်။
လူတွေဟာ အနေတတ်ဖို့လိုသလို
အသေတတ်ဖို့လည်း လိုသေးတယ်၊
ဒါကြောင့် မြတ်ဗုဒ္ဓက
“နေမကောင်း ထိုင်မသာဖြစ်ပြီးတော့
ရောဂါဝေဒနာ ခံစားနေရတဲ့
ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို
ပညာရှိတဲ့ မိတ်ဆွေတစ်ယောက်က
အားပေးစကားပြောသင့်တယ်” လို့
ဟောထားတယ်၊
ဒါဟာ အကျိုးတရားရှိလို့ ဟောတာပါ။
တစ်ချို့ကတော့ ဘုန်းကြီးတွေပင့်ပြီး
ပရိတ်ရွတ်ကြတယ်၊
လူတွေက မျိုးစုံလုပ်ကြတယ်၊
မြတ်စွာဘုရားကတော့
အားပေးစကားပြောရမယ်တဲ့။
ဒီနေရာမှာ သတိထားဖို့ရာက
အားပေးစကားပြောတဲ့သူကလည်း
ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊
အပြောခံရတဲ့သူကလည်း
ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊
လူမိုက်ကိုသွားပြီး
အားပေးစကားပြောလို့ မရဘူး၊
ဒါကို သိထားဖို့လိုအပ်တယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂၂။ ကုသိုလ်ဖြစ်အောင် သတိဆောင်
****************************************
များသောအားဖြင့်
လူတွေက အသက်ရှည်ဖို့အတွက်
လိုအပ်တယ်ဆိုတာ သိကြတယ်၊
အထောက်အကူ
အကြောင်းတွေကို သိကြတယ်၊
အသက်ရှည်ဖို့အတွက်
ဆေးကောင်းဝါးကောင်း လိုအပ်တယ်၊
အစာအာဟာရ ကောင်းကောင်းစားရမယ်၊
ရာသီဥတုကောင်းတဲ့နေရာမှာ
နေရမယ်ဆိုတာတွေက
လူတိုင်းသိတဲ့အရာပဲ ဖြစ်တယ်။
လူတွေမသိတဲ့အရာကို
မြတ်စွာဘုရားက ဟောတာ၊
“အသက်ရှည်မှုကို
လိုလားတောင့်တမယ်ဆိုရင်
ကုသိုလ်ကောင်းမှု၌
မမေ့မလျော့ခြင်းဆိုတဲ့
‘အပ်ပမာဒ”တရားကို
ပညာရှိများက ချီးမွမ်းကြတယ်”တဲ့၊
အပ္ပမာဒကို ဘာသာပြန်တော့
မမေ့မလျော့ခြင်း၊ ကုသိုလ်ကောင်းမှုပြုဖို့
အမှတ်ရတဲ့ သတိကိုပြောတာပေါ့။
အဲဒီအပ်ပမာဒတရားဟာ
အလွန်အရေးကြီးလို့
မြတ်စွာဘုရားက
နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှာ
“ အပ္ပမာဒေထ ဘိက္ခဝေ သမ္ပဒေထ ”
အပ္ပမာဒတရားနဲ့ ချစ်သားတို့ရဲ့သန္တာန်မှာ
ကုသိုလ်တရားတွေ ပြည့်စုံအောင်လုပ်ကြ၊
အပ္ပမာဒ ရှိပြီးတော့ ကိုယ်ကျင့်ရမယ့်
သီလ, သမာဓိ, ပညာတွေ မမေ့ကြနဲ့၊
ကိုယ်လုပ်ရမယ့်
ကုသိုလ်တရားတွေ လုပ်ကြ၊
ယစ်မူးမေ့လျော့ပြီး မနေကြနဲ့လို့
မှာထားခဲ့ခြင်း ဖြစ်ပါတယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂၃။ သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်
****************************************
သူ့အမြင် ကိုယ့်အမြင်ဆိုတာ
လွဲမှားတာတွေ အများကြီးရှိတယ်၊
ဟုတ်ချင်လည်း ဟုတ်မယ်၊
မဟုတ်ချင်လည်း မဟုတ်ဘူး၊
ဓမ္မအမြင်ကျတော့ အလွဲအမှားမရှိဘူး၊
မှန်ကန်တဲ့အမြင် ဖြစ်တယ်။
ဓမ္မအမြင် တရားအမြင်ဆိုတာ
“သဗ္ဗေသင်္ခါရာ အနိစ္စာ" ပဲ၊
အကြောင်းတရားကြောင့်
ဖြစ်လာတဲ့တရားမှန်သမျှ အနိစ္စ၊
အနိစ္စမှန်လို့ရှိရင် ဒုက္ခ၊
အဲဒီဒုက္ခဆိုတဲ့တရားကို
'ငါ'လို့လည်း မမြင်ဘူး၊
‘ငါ့ဟာ’လို့လည်း မမြင်ဘူး၊
“ငါ့ရဲ့အတ္တ’လို့လည်း မမြင်ဘူးဆိုရင်
ဒါ မှန်ကန်တဲ့အမြင်ပဲ။
ဒါတင်မကဘူး၊ အဲဒီဒုက္ခဟာ
ဘယ်မှာအဆုံးသတ်တုန်းဆို
နိဗ္ဗာန်မှာ အဆုံးသတ်တယ်၊
ဒီအမြင်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့
မှန်ကန်တဲ့ “ဓမ္မအမြင်’သာ ဖြစ်ပါတယ်။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
 
ပါမောက္ခချုပ်ဆရာတော်
04-23-2023