တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၉-၄၀-၄၁)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၉-၄၀-၄၁)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၉-၄၀-၄၁)
? ? ??? ??? ? ??? ? ?
၃၉။ လွတ်မြောက်တဲ့စိတ်
****************************************
‘လွတ်မြောက်တဲ့စိတ်’ဆိုတာ
‘အရဟတ္တဖိုလ်စိတ်’ပဲ၊
နောက်ဆုံး ဒီထိရောက်အောင်
ကျင့်ကြံကြိုးကုတ်
အားထုတ်ကြရမှာ ဖြစ်ပါတယ်၊
ထိုလွတ်မြောက်မှုဆိုတဲ့
စိတ်ကိုရဖို့ရာအတွက် -
၁။ မိတ်ကောင်း,ဆွေကောင်း
ဆရာကောင်း,သမားကောင်း ရှာရမယ်။
၂။ မိတ်ကောင်း, ဆွေကောင်း
ဆရာကောင်း, သမားကောင်း
အကြောင်းပြုပြီးတော့
ကိုယ်ကျင့်သီလ မြဲရမယ်။
၃။ တရားဓမ္မ နာယူရမယ်။
၄။ လုံ့လဝီရိယ ရှိရမယ်။
၅။ ပညာ ရှိရမယ်။
အဲဒီအခြေနေကောင်း
ငါးမျိုးရှိလာပြီဆိုရင်
စိတ်ကလေးလွတ်အောင်
ဘာလုပ်ရမလဲ..?။
လောဘကလွတ်ဖို့ အသုဘကို ပွါးပါ၊
ဒေါသကလွတ်ဖို့ မေတ္တာကို ပွါးပါ၊
အတွေးတွေကနေ လွတ်မြောက်ဖို့
အာနာ-ပါနဿတိကို ပွါးပါ၊
ငါဆိုတဲ့မာနကို ဖယ်ရှားပစ်ဖို့
အနိစ္စသညာကို ပွါးပါ၊
အနိစ္စသညာကို ပွါးလိုက်ရင်
အနတ္တသညာ ဝင်လာမှာဖြစ်တယ်၊
အနတ္တသညာ ဝင်လာလို့ရှိရင်
ငါဆိုတဲ့မာန ကင်းသွားလိမ့်မယ်၊
အဲဒီအချိန်မှာ လုံးဝလွတ်မြောက်တဲ့
စိတ်ရဲ့ အခြေအနေတစ်ခုကို
ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၄၀။ လူဖြစ်ကျိုး နပ်ပါစေ
****************************************
လူ့ဘဝလာတယ်ဆိုတာ
ခဏလေး အလည်လာသလိုပဲ၊
“ပမတ္တဿ စ နာမ စတ္တာရော
အပါယာ သကဂဟေ သဒိသာ”
ကုသိုလ်ကောင်းမှုမှာ
မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့
အပါယ်လေးဘုံဟာ
ကိုယ့်အိမ်နဲ့ အလားတူတယ်တဲ့
ဘယ်နေရာပဲ သွားသွား ပြန်လာရင်
ကိုယ့်အိမ်မှာပဲ နေကြရတာပါပဲ။
မေ့မေ့လျော့လျော့မနေဘဲ
ရုပ်တရား နာမ်တရားတွေရဲ့
သဘာဝတရားတွေကို သိရှိပြီး
တွယ်တာမှုတွေ အမြင်မှားမှုတွေ
အားလုံးကို ဖယ်ရှားပစ်နိုင်တဲ့
အဆင့်ရောက်လာရင်
လောကကြီးအတွက်
သောကမဖြစ်တော့ဘဲ
ငြိမ်းချမ်းတဲ့ဘဝမျိုးကို ရရှိသွားနိုင်တယ်၊
အဲဒီလို ငြိမ်းချမ်းတဲ့ဘဝမျိုးနဲ့
ငြိမ်းအေးသွားတဲ့စိတ်မျိုး ရလာပြီဆိုမှ
အပြည့်အဝ လူဖြစ်ရကျိုးနပ်တာပါ။
အခြေခံအားဖြင့် ကုသိုလ်ကမ္မပထ
တရား ၁၀-ပါးကို ကျင့်သုံးရင်
လူဖြစ်ရကျိုးနပ်ပါတယ်၊
ဒီထက် အဆင့်တက်ပြီးတော့
ဝိပဿနာကျင့်စဉ်ကိုကျင့်လို့
မဂ်တရား ဖိုလ်တရားတွေ
ရသွားပြီဆိုရင်တော့ တကယ့်ကို
လူဖြစ်ကျိုးနပ်ပြီလို့ မှတ်ရမယ်၊
လူဖြစ်ကျိုးနပ်ဖို့အတွက် တို့တစ်တွေ
ကြိုးစားအားထုတ်ဖို့လိုမယ်နော်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၄၁။ ကျေးဇူးသိခြင်း
****************************************
ကျေးဇူးဆိုတာ တစ်စုံတစ်ယောက်
ကိုယ့်အပေါ်မှာ ကူညီစောင့်ရှောက်ဖူးတာ
လုပ်ကိုင်ပေးဖူးတာ
ကိုယ့်မှာအကျိုးဖြစ်မယ့်အရာတစ်ခု
ဖြစ်ပေါ်စေခဲ့တာကို “ကျေးဇူး”၊
သူ့ရဲ့လုပ်ဆောင်မှုကို
အသိအမှတ်ပြုခြင်း သိခြင်းကိုပဲ
“ကျေးဇူး သိခြင်း” လို့ ခေါ်တာပါ၊
လူတစ်ယာက်က ကိုယ့်အပေါ်
လုပ်ပေးခဲ့တာကို အသိမှတ်ပြုဖို့ဆိုတာ
အင်မတန်မှ အရေးကြီးတယ်။
လောကလူတွေထဲမှာ
အသိအမှတ်မပြုတဲ့သူတွေက များတယ်၊
အသိအမှတ်မပြုဘူးဆိုကတည်းက
မသိတာလည်းပါတယ်၊
မသိဘူးဆိုကတည်းက
အကောင်းမမြင်နိုင်ဘူးပေါ့၊
သိတယ်ဆိုတာ လိမ္မာယဉ်ကျေးသူတို့ရဲ့
အရည်အချင်းတစ်ခုပဲ။
‘ကျေးဇူးသိတယ်’ ဆိုတဲ့နေရာမှာ
ကိုယ့်အပေါ်မှာ တစ်စုံတစ်ဦးက
အကျိုးဖြစ်ထွန်းအောင်
တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ
ကူညီစောင့်ရှောက်ခဲ့တဲ့
ကျေးဇူးကို အသိအမှတ်ပြုတယ်
သိတယ်ဆိုတာ တကယ်ကို
စိတ်ကောင်းနှလုံးကောင်းရှိတဲ့
ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားမှာရှိတဲ့
သဘာဝတရား တစ်ခုပဲ၊
ဒါကြောင့်မို့ မြတ်စွာဘုရားက
“ကျေးဇူးသိတယ်ဆိုတာ
သူတော်ကောင်းတွေရဲ့
အရည်အချင်းတစ်ခုပဲ”လို့
ဟောထားတယ်၊
လူတော်လူကောင်းမှ
ဒီလို တစ်ဦးတစ်ယောက်ရဲ့
ကျေးဇူးရှိမှုကို
အသိအမှတ်ပြုနိုင်တာပါ။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023