အိုကြွယ်

ယောဆရာတော်ဘုရားကြီး

လူမှာ -
ကြီးပြင်းခြင်း နှစ်မျိုးရှိတယ် ။
၁ ။ အသက်အားဖြင့် ကြီးခြင်း ၊
၂ ။ တရားအားဖြင့် ကြီးခြင်း ။
အဲဒီနှစ်မျိုးမှာ
အသက်ကြီးတယ်ဆိုတာက
တမင်အားထုတ် နေစရာမလိုပါဘူး ၊
အသက်မကြီးမှာတော့ မပူပါနဲ့ ၊
ပျင်းလည်း ကြီးမှာပဲ ၊ ပျော်လည်း ကြီးမှာပဲ ၊
စိတ်ပါရင်လည်း ကြီးမှာပဲ ၊
စိတ်မပါရင် လည်း ကြီးမှာပဲ ၊
အားလည်းကြီးမှာပဲ ၊ မအားလည်း ကြီးမှာပဲ ၊
ဇရာ တရား , သင်္ခါရတရားတွေဟာ
သူ့တာဝန်သူကျေပွန်အောင်
ထမ်း ဆောင်ကြမှာပဲ ။
သို့သော်
တရားမပါဘဲ အသက်တင်ပဲ ကြီးသွားရင်တော့
အသက်သာကြီးပြီး တရားမကြီးရင်တော့
ခွန်အားမပြည့်စုံတော့ဘူး ၊
အကုန်ကြောက်ရတော့တာပဲ ၊
ကိုယ့်ဟာကိုယ်လည်း ကြောက်ရတယ် ၊
သူတစ်ပါးကိုလည်း ကြောက်ရတယ် ၊
ဒီဘဝလည်း ကြောက်ရတယ် ၊
နောက်ဘဝလည်း ကြောက်ရတယ် ၊
သံသရာလည်း ကြောက်ရတာပဲ ။
အသက်သာကြီးပြီး တရားမကြီးရင်
အကုန်လုံးကို ကြောက်ရတာပါ ပဲ ။
တစ်ဘဝလုံး နေ့စဉ်စားဝတ်နေရေးတွေနဲ့
အပျော်အပါးတွေ နဲ့ အချိန်ဖြုန်းပြီး
အသက်သာကြီးလာတယ် အားကိုးစရာ
ကုသိုလ်က တွဲလျက် ပါမလာဘူးဆိုတော့
အသက်ကြီးလေ အားငယ်လေပဲ ။
ပတ်ဝန်းကျင်ကလည်း
ကိုယ့်ကို ဂရုမစိုက်တော့ဘူး ၊
ကိုယ့်မှာလည်း အားကိုးစရာ
တရားကလည်း ရှိမထားဘူးဆိုရင်
တကယ်အားငယ်ဖို့ ကောင်းတာပါပဲ ၊
တချို့များ သတိတွေလွတ်ပြီး
သူငယ်ပြန်တယ် ဆို တာမျိုး ဖြစ်သွားတော့တာပဲ ။
အဲဒါမျိုးကို
အိုလာလို့ အပယ်ခံရတာမို့ “ အိုပယ် ” လို့
ခေါ်ရမှာပေါ့ ။
အဲဒီအခါ ကျောင်းထဲ အိမ်ထဲမှာ
အထုပ်ပိုကြီး တိုးလာတာ ပဲရှိတယ်။
ပတ်ဝန်းကျင်မှာလည်း အသုံးမဝင် ၊
ကိုယ့်အတွက်လည်း အသက်ရှိတယ်လို့သာ
ပြောရတယ် ၊ ဘာမျှ သုံးလို့မဖြစ်
တန်ဖိုးမဲ့ကြီး ဖြစ်နေတော့တာမို့
အိုပယ်ကြီးဖြစ်သွားမှာတော့
တော်တော် ကြောက် စရာကောင်းပါတယ် ။
ဒါကြောင့်
မိမိတို့ကိုယ်တိုင်
အိုပယ်အဖြစ်မခံနိုင်ဘူးဆိုရင်
မိမိတို့ အိုခြင်းသည်
အလကား ဗလာချည်း ကြီးပြင်းလာခြင်းမျိုး
မဟုတ်ဘဲ
တရားနဲ့ တွဲဖက်ပြီး
ကြီးပြင်းလာခြင်းမျိုး ဖြစ်ရမယ် ၊
အဲဒီ အခါ အသက်ကြီးလို့
အိုလာတာနဲ့အမျှ
သီလ , သမာဓိ , ပညာ , သိက္ခာတရားတွေပါ
ကြီးလာမို့ ကြီးလေ လှလေ ၊ကြီးလေ ခန့်ငြား လေ ၊
အိုလေ ထည်ဝါလေဖြစ်တော့တာပဲ ။
အဲဒါမျိုးကို “ အိုကြွယ် ” လို့ ခေါ်ပါတယ် ။
လူအိုပေမယ့် တရားတွေ ကြွယ်ဝလို့
အပယ် မခံ ရတော့ပဲ
အိုကြွယ်ကြီး ဖြစ်သွားရပါတယ် ။
(တိပိဋက_ ယော ဆရာတော်ဘုရားကြီး)
ယောဆရာတော်ဘုရားကြီး
09-13-2021