
သဒ္ဓါစစ်စစ်ဆိုတာ
ဘယ်လိုသဘောရှိပါသလဲ၊
နဲနဲရှင်းပြပါ..တဲ့။

ဒါကအဘိဓမ္မာသင်ဖူးသူများတော့
သိနေကြမှာပါ။
အဘိဓမ္မအဋ္ဌကထာမှာဖွင့်ပြတာကတော့-
၁+

“သဒ္ဒဟနလက္ခဏာ=‘ယုံ’ခြင်း,သက်ဝင်ခြင်း
အမှတ်လက္ခဏာရှိတယ်။
(သက်ဝင်တယ်ဆိုတာနှစ်နှစ်ကာကာယုံတဲ့
သဘောပါပဲ။)
၂+

ပသာဒန ရသာ=‘ကြည်’လင်အောင်ပြုခြင်း
ကိစ္စရှိတယ်။
လက်ခဏာအရ=”ယုံသဒ်ဓါ၊
ရသ(ကိစ္စ)အရ=ကြည်သဒ္ဓါ၊
ဒီနှစ်ခုကိုပေါင်းပြီး”ယုံကြည်”လို့မြန်မာပြန်ကြတာပါ။
(စကြာမင်းရဲ့ပတ္တမြားရတနာဟာ
ရေထဲထည့်လိုက်ရင် အနယ်အမှုံတွေ
ထိုင်ပြီးကြည်လင်သွားစေသလို..
သက်ဝင်ပြီး’ယုံ’တဲ့အရာဟာလဲ
စိတ်ရဲ့အနယ်အမှုံတွေဖြစ်တဲ့
လောဘ,ဒေါသစတဲ့ကိလေသာ,နီဝရဏတရားတွေကို
ထကြွမှုမဖြစ်စေဘဲအနယ်ထိုင်ပြီး
စိတ်ကြည်လင်သွားစေတယ်
လို့ဆိုလိုတာပါ။)
(ကိလေသာတွေအနယ်မထိုင်တဲ့အပြင်
ပိုလို့တောင်ထကြွလာတယ်ဆိုရင်တော့
ယုံထားတဲ့အရာလဲမမှန်ကန်ဘူး၊
ယုံတဲ့သဒ္ဓါလဲမမှန်ကန်ဘူး။
ဆရာသမားကောင်း၊မိတ်ဆွေကောင်းများ
အကူအညီနဲ့’ယုံ’စရာကိုပြောင်းရမှာပါ။)
၃+အကာလုသိယပစ္စုပဋ္ဌာနာ=မနောက်မကျူဘူးလို့
ဉာဏ်မှာထင်မြင်လာတယ်။
(ဒီအရာကိုယုံထားတဲ့အတွက်
“စိတ်ထဲမှာ အနှောက်အယှက်တွေ၊နောက်ကျူနေတာတွေ
ကင်းသွားတယ်”လို့သိမြင်ခံစားလာရတာပါ။)
ဒီလိုမှမထင်မြင်မခံစားရရင်လဲ
ယုံထားတဲ့အရာကိုစိစစ်ပြောင်းလဲရမှာပါ။
၄+

သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ=
ယုံကြည်ထိုက်တဲ့ဝတ္ထုများဖြစ်တဲ့
ရတနာသုံးပါး၊ကံ ကံရဲ့အကျိုး၊ပစ္စုပ္ပန်တမလွန်
စတဲ့အရာတွေက အနီးကပ်အကြောင်းတွေဖြစ်တယ်..”တဲ့။(အဋ္ဌသာလိနီ၊၁၆၃)
ဒါပါပဲ၊
ကိုယ့်သဒ္ဓါကိုယ် စစ်ဆေးနိုင်ကြပါစေ…