လူတချို့..
သူတို့သဘောကျတဲ့ ဘုန်းကြီး
လေးငါးပါးလောက်ကိုပဲ ကြည်ညိုခဲ့တယ်၊
ဒါကိုပဲ သံဃာလို့ထင်ခဲ့တယ်။
ဒီလေးငါးပါးကိုပဲ
သာသနာတော်(ဗုဒ္ဓဘာသာ)တစ်ခုလုံးရဲ့
ပုံရိပ်လို့မှတ်ယူခဲ့တယ်။
ခု-
သူတို့ကြည်ညိုတဲ့ဘုန်းကြီးကို
ကြည်ညိုလို့မရတော့တဲ့အခါ
“ဘာသာမဲ့ပဲလုပ်တော့မယ်၊
ဗုဒ္ဓဘာသာမှာ ဘုန်းကြီးတွေကိုယ်တိုင်ကစ
စိတ်မချရဘူး”ဆိုပြီးဖြစ်ကုန်ကြသတဲ့။
ဗလဝသဒ္ဓေါ ဟိ မန္ဒပညော
မုဓပ္ပသန္နော=
ပညာနုံအ သဒ္ဓါဗလပွသမားတို့ဟာ
သဒ်ဓါမထက် တဏှာဖက်ကာ
ပေါ့ပျက်ပျက်ကြည်ညိုတတ်ကြတယ်။
(ဝါ)သဒ္ဓါမစွမ်း ပညာကန်းသလောက်
ရူးနှမ်းနှမ်းဖြစ်ကုန်တတ်ကြတယ်…တဲ့။
(ဒီနေ့တွေ့ရတဲ့
လူတစ်ယောက်ရဲ့တကယ့်ပညာမဲ့ဖြစ်ရပ်)
/\ /\ /\
(“ဒီအဆင့်ကိုကျော်လွန်ဖို့
ဘယ်လိုအရည်အချင်းတွေလိုအပ်ပါသလဲ”လို့
မေးထားလို့ ထပ်ဖြည့်လိုက်ပါတယ်။
“၁*ဥပဓိရုပ်ကောင်းခြင်းကိုသာ
ကြည့်ပြီ ကြည်ညိုခြင်း၊
၂*ဂုဏ်သတင်းကြီးမှုကြောင့်သာ
ကြည်ညိုခြင်း၊
၃*ခေါင်းခေါင်းပါးပါး ခြိုးခြံနေထိုင်မှုကိုသာ
ကြည့်ပြီး ကြည်ညိုခြင်း”ဆိုတဲ့
ဒီလွဲမှားတဲ့ကြည်ညိုမှုသုံးမျိုးကင်းစေပြီး
“၄*စစ်မှန်တဲ့ဓမ္မအသိရမှုကိုအခြေခံတဲ့
သဒ္ဓါပညာပူးတွဲယုံကြည်မှုမျိုးဖြစ်ဖို့
လိုပါတယ်”လို့
ဝိဘင်းအဖွင့်’ပဉ္စပကရဏဋီကာ’မှာ
ဆိုပါတယ်။)