(တောင်ကြီး၊မေတ္တာနန္ဒဓမ္မဝိဟာရ၊
သင်္ကြန်(၁၀)ရက်စခန်းသိမ်းပွဲ
အနုမောဒနာတရားအနှစ်ချုပ်။)
လူတိုင်းပြုကြတဲ့ကုသိုလ်တွေထဲမှာ
ဒါန,သီလစတဲ့ကုသိုလ်တွေက
အပြင်မှာရှာပြီးအပြင်နဲ့ဆက်စပ်ပြုရတဲ့
ကုသိုလ်တွေပါ။
ဒါနဆိုအပြင်ကရှာရတဲ့ပစ္စည်းဝတ္ထုနဲ့
အပြင်မှာရှိတဲ့သူတပါးကိုပေးကမ်းရတာ။
သီလဆိုတာလဲအပြင်မှာရှိတဲသူတပါးကို
မသတ်ခြင်း၊သူ့ဥစ္စာမခိုးခြင်းစတဲ့ရှောင်ကြဉ်မှုပဲ။
အပြင်မှာရှာပြီးပြုရတဲ့ကုသိုလ်တွေဟာ
အပြင်နဲ့ဆက်စပ်ပြီးကြုံတွေ့ရတဲ့-
စားဝတ်နေရေးချို့တဲ့မှု၊
အနာရောဂါဘေးအန္တရာယ်တွေ့ကြုံရမှုစတဲ့ဒုက္ခတွေကိုပဲကာကွယ်ပေးနိုင်ပါတယ်။
ဒါနရှိလို့စားဝတ်နေရေးပြေလည်တယ်၊
သီလရှိတော့အနာရောဂါဘေးအန္တရာယ်
ကင်းတယ်ဆိုတာမျိုးပေါ့။
ဒီအပြင်ဒုက္ခ,အပြင်အန္တရာယ်ဆိုတာ
တကယ်တော့ ယာယီတွေပါ၊အချိန်ပိုင်းမျှပါ။
အပြင်မှာရှာတဲ့ကုသိုလ်တွေဆိုတာလဲ
ယာယီတွေပါပဲ၊အချိန်ပိုင်းမျှလောက်
အကျိုးပေးတာပါ။
တကယ်တန်းသံသရာအစကခုချိန်ထိ
မပြတ်နှိပ်စက်နေတာက
“ကိလေသာရောဂါ ဝမ်းတွင်းနာ”ဆိုတဲ့
အတွင်းဒုက္ခပါ။
အဲဒီအတွင်းဒုက္ခကတော့ အပြင်ရှာကုသိုလ်တွေနဲ့ကုစားငြိမ်းသတ်လို့
မရနိုင်ပါဘူး။
ဒါနကြောင့်စီးစိမ်တွေရလိုလဲမငြိမ်းနိုင်သလို
သီလကြောင့်အသက်ရှည်အနာကင်းရုံနဲ့လဲ
မငြိမ်းနိုင်ဘူးဆိုတာအားလုံးသဘောပေါက်
ပြီးသားပါ။
အပြင်ဒုက္ခကိုအပြင်ကုသိုလ်နဲ့ငြိမ်းစေသလို
အတွင်းဒုက္ခကိုလဲအတွင်းမှာရှာပြီးရတဲ့
ကုသိုလ်နဲ့သာကုစားငြိမ်းသတ်နိုင်တယ်လို့
ဘုရားရှင်ကဟောညွှန်ခဲ့ပါတယ်။
အတွင်းကကုသိုလ်ကိုအရရှာနိုင်ရင်
အပြင်ဒုက္ခတွေဆိုတာ
“အရင်းလဲဲ အဖျားထင်းဖြစ်”ပါပဲ။
အခု(၁၀)တရားစခန်းဖွင့်ပြီးဟောပြောနာယူ
အားထုတ်ကြတယ်ဆိုတာ-
ခန္ဓာတွင်းမှာ ကုသိုလ်ရှာတဲ့အလုပ်ပါ။
အပြင်မှာကုသိုလ်ရဖို့ရှာရတာက
ပြင်ပအခြေအနေအကောင်းအဆိုးပေါ်
တည်မှီနေရတာဖြစ်လို့ အကြောင်းအပေါင်း
ညီညွတ်ခဲပေမယ့်..
ခန္ဓာတွင်းကုသိုလ်ရှာရတာကတော့
ခန္ဓာရှိသူတိုင်း”ကိုယ်ပိုင်သတိဝီရိယလေး”
အရင်းစိုက်လိုက်တာနဲ့ရနိုင်တယ်ဆိုတာ
ခု(၁၀)ရက်တာနာယူအားထုတ်မှုများအရ
ကိုယ်တိုင်သိတန်သမျှသိပြီးကြပါပြီ။
လူတော်တော်များများက
“အတွင်းမှာကုသိုလ်ရှာရတာ အင်မတန်
ခက်ခဲနက်နဲတယ်”လိုထင်ခဲ့ကြပေမယ့်
တကယ်လက်တွေလုပ်ကြည့်တဲ့အခါ
အပြင်မှာစီးပွါးရှာရသလို သူများကို
မျှော်နေ,ကြောက်နေစရာမလိုတဲ့အတွက်
ပိုပြီးလွတ်လပ်လွယ်ကူတယ်ဆိုတာလဲ့
သဘောပေါက်ကြမှာပါ။
အတွင်းမှာကုသိုလ်ရှာတယ်ဆိုတာ
ကိုယ်ပိုင်သတိ,ဝီရိယလေးစိုက်လိုက်ရင်
ခန္ဓာရဲ့ဘယ်နေရာမှာမဆို၊ဘယ်လိုအခြေအနေမှာမဆို၊
ဘာပဲလုပ်နေနေ ရှာတွေ့ပါတယ်။
ခဏမစဲတသဲသဲပြောင်းလဲဖြစ်ပျက်နေတဲ့
“အနိစ္စ”၊
ဖြစ်ပျက်နှစ်တန်ကမပြတ်နှိပ်စက်ခံနေရတဲ့
“ဒုက္ခ”၊
ကိုယ်ဖြစ်ချင်သလိုလဲမဖြစ်နိုင်တဲ့”အနတ္တ”
ဆိုတာကိုခန္ဓာကမပြတ်ပြနေတာဖြစ်လို
သတိဝီရိယနဲ့မပြတ်ကြည့်နေသူအတွက်
မပြတ်ရနေနိုင်တဲ့ကုသိုလ်ဖြစ်ပါတယ်။
ခန္ဓာပြကုသိုလ်ကိုမြင်တတ်သွားရင်
‘ပညာ’တရားကလဲ’သတိ,ဝီရိယ’တို့နဲ့
ပူးပေါင်းမိသွားလို့ တရားစွမ်းအားတွေ
သိသိသာသာကြီးတက်လာမှာမလွဲပါဘူး။
တိပိဋကယောဆရာတော်ကြီးကတော့-
စိတ်မှာသတိလေးတပ်ဆင်ပေးလိုက်ရင်
ဒီခန္ဓာကြီးဟာ တရားထုတ်လုပ်ပေးနေတဲ့
စက်ရုံကြီးဖြစ်သွားတယ်၊
သတိထားတိုင်းတရားရနေမယ်”တဲ့။
အဲဒီအတွင်းကုသိုလ်(ဝိပဿနာ)ကသာ
ကိလေသာတွေတဖြေးဖြေးလျှော့ပေးနိုင်လို့
အသိဉာဏ်တွေတဆင့်ချင်တက်ပြီး
နောက်ဆုံးမှာ-
“ကိလေသာဆိုတဲ့အတွင်းဒုက္ခ”အမြစ်ပြတ်
သုတ်သင်ရှင်းလင်းအောင်ကုစားနိုင်ပါတယ်။
အပြင်ကုသိုလ်ကအပြင်ဒုက္ခတွေကိုငြိမ်းစေသလို
ယာယီအခိုက်အတန့်မဟုတ်ပါဘူး၊
သံသရာဇာတ်သိမ်းတဲ့အထိထာဝရငြိမ်းစေတာပါ။
“သတိ,ဝီရိယ,ပညာ”တို့ပေါင်းဆုံမိတဲ့အထိ
အတွင်းကုသိုလ်ကိုကြိုးစားရှာဖွေကြပြီး
အတွင်းဒုက္ခကိလေသာတွေငြိမ်းအေးရာဆီ
အမြန်ရောက်ကြပါစေ..
ရောက်ကြအောင်လဲ
မပြတ်အားထုတ်နိုင်ကြပါစေ..
ဒီကုသိုလ်စွမ်းအားကြောင့်
အတွင်းဒုက္ခသာမက
အပြင်ဒုက္ခတွေလဲ
“အရင်းလဲ အဖျားထင်းဖြစ်”သဘောအတိုင်း
အမြန်ထင်းဖြစ်ပြီး ငြိမ်းအေးကြပါစေ…