စီးတဲ့ရေ ဆယ်တဲ့ကန်သင်း

ဓမ္မဘေရီဆရာတော်

စီးတဲ့ရေ ဆယ်တဲ့ကန်သင်း
?????????
"စီးတဲ့ရေ ဆယ်တဲ့ကန်သင်း"တဲ့၊
ရှေးလူကြီးသူမများရဲ့ ဆုံးမစကားဆိုရိုးလေး၊
အစဉ်အလာအရတော့-
"ပစ္စည်းဥစ္စာကို ရှာသူကရှာထားသလို့
သိမ်းဆည်းသူကလဲ သိမ်းဆည်းတတ်မှ
ဘဝတင့်တောင့်တင့်တယ်ရှိမယ်"ဆိုတဲ့အဓိပ္ပါယ်နဲ့
ဇနီးခင်ပွန်းသစ်တို့ကို ဆုံးမလေ့ရှိတာကြားရတတ်ပါတယ်။

လောကရေးမှာ ဒါကလဲအရေးကြီးတဲ့ကိစ္စပါ၊
ဇနီးခင်ပွန်းသာမက
မိဘနဲ့သားသမီးများမှာလဲလိုအပ်ပါတယ်၊
ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူများထဲမှာပဲ-
ယောက်ျားက သင်္ဘောလိုက်ပြီးကြိုးစားရှာဖွေလို့
တိုက်ခန်းလေး,စာပေလုပ်ငန်းလေးထူထောင်နိုင်ခါမှ
မိန်းမက ချဲထီလောင်းကစားပြီး ကြွေးတွေပါပတ်လို့
ဘဝရည်မှန်းချက်တွေပျက်စီး၊အပေါင်းအသင်းကြား
တိုးမဝင်ရဲအထိ ဖြစ်သွားရသူတစ်ဦးကိုလဲ
ရင်နင့်လောက်အောင်တွေ့ရဖူးတယ်။

သားသမီးက မလေးရှားတို့,ကိုရီးယားတို့မှာ
အသက်နဲ့ရင်းရလို့(သူတို့နိုင်ငံသားများမလုပ်ချင်တဲ့)
အလုပ်တွေနဲ့ကြိုးစားရှာသမျှ နောက်ပိုင်းမိဘက
ချဲထီလောင်း,သောက်စားလို့ ပြန်အလာမှာ
နေစရာအိမ်ပိုင်တောင်မရှိသူတို့..
တချို့ သူဌေးရောင်ရောင် မတန်မရာ
ဆိုင်းပွဲအစုံအလှူကြီးတွေနဲ့ကြွားပြီး
လယ်ယာကျွဲနွားပါပြုတ်သူတို့လဲ ကျုပ်တို့အညာမှာ
ကိုယ်တွေ့ပဲ။

ထားပါတော့လေ..
ဒီဆုံးမစကားလေးဟာ လောကီရေးမှာလဲ
အလွန်အလေးထားသင့်တဲ့အဆုံးအမလေးလို့သာ
ပြောပါရစေ..။

အဲ..
အခုပြောချင်တာကတော့-
ကိုယ်က အရွယ်လေးနဲနဲရလာတော့
ဒီဆုံးမစကားလေးကို
ဘဝအတွက် ဓမ္မနဲ့ဆက်စပ်စဉ်းစားမိတာလေးပါ။
အဘိဓမ္မာကျမ်းများကလဲ ဆိုပါတယ်၊
ဘဝရဲ့အခြေခံအရှိတရားများဖြစ်တဲ့
"ရုပ်တရား,နာမ်တရား"တွေဟာ..
"နဒီသောတောဝိယ=မြစ်ရေအလျဉ်လို.."ဆိုတာ။

"မပြတ်စီးဆင်းနေတာ၊ဘယ်တော့မှ အတည်တကျရပ်တည်မနေဘူး"ဆိုတော့-
"ဘဝဆိုတာလဲ စီးတဲ့ရေပါပဲလား"လို့
သဘောပေါက်လိုက်ပါတယ်။
ဒါဖြင့် ဘာနဲ့ကန်သင်းဆယ်ကြမလဲ..?
ဒီတိုင်းသာပစ်ထားလို့ကတော့ အချိန်တန်
သူ့သင်္ခါရအိမ်ပြန်တော့မယ်။

ဒီလိုစဉ်းစားမိတော့မှ-
ဘုရားရှင် နေ့စဉ်လဲဆုမ္မ၊နောက်ဆုံးမှာလဲအရေးတကြီး
မှာတမ်းချွေခဲ့တဲ့-
"အပ္ပမာဒေန သမ္ပဒေထ.!
ဘဝရေစီးကို သတိနဲ့ကန်သင်းဆယ်ကြ.!.."ဆိုတဲ့
လက်ဆောင်လေးကိုသတိရလိုက်တယ်။

လူတွေဟာ
လောကမှာထင်ရှားသူတစ်ဦးဦးကပေးတဲ့လက်ဆောင်
ကလေးကိုတောင် ဝင့်ကြွားဟန်ပြ
ဂုဏ်ယူတတ်ကြသေးရင်..
သဗ္ဗညုဘုရားရှင်ကြီးရဲ့ အလေးအနက်
မဟာကရုဏာအပြည့်နဲ့ပေးခဲ့တဲ့ ဒီလက်ဆောင်လေးကို
ဘာလို့များ ဝင့်ကြွားပန်ဆင် ဂုဏ်မတင်နိုင်ဘဲ
ချောင်ထိုးထားရက်ပါလိမ့်..။

စီးတဲ့ရေ ဆယ်တဲ့ကန်သင်းရှိခဲ့ရင်..
ရေကန်သာ ကြာအသင့်နဲ့
ကိုံယ်တိုင်လဲ အလှကြွယ်
ဝန်းကျင်လဲဝင့်ထယ်စေသလို..

ဘဝရေစီးကို သတိပဋ္ဌာန်ကန်သင်းဆယ်နိုင်ရင်
မဂ်ပွင့်ဖိုလ်သီးတွေနဲ့
ကိုယ်တိုင်လဲတင့်တယ်၊
လောကကိုလဲအေးမြရွှင်လန်း
အားဖြစ်စေနိုင်ဖို့
ဘုရားရှင်ကလက်ဆောင်ပေးခဲ့တယ်..လို့
သဘောရပါတယ်။

ဒီလက်ဆောင်လေးကို
လိုရမယ်ရ သိမ်းထားဆဲပဲလား.!
ခုထိ မလိုကြသေးဘူးလား.!
မိုးကုန်တော့မယ်..
ရေစီးလဲ အတော်ခန်းလာပြီ
ဘဝ
သဲကန္တာရမဖြစ်မီ
စီးတဲ့ရေး
ဆယ်တဲ့ကန်သင်းလေးနဲ့
ကန်ပိုင်မာ
ရေပြာအသင့်
ကြာအသင့်
ဂုဏ်ဝင့်နိုင်ကြပါစေသော်...

အပ်ပမာဒနေ သမ်ပာဒထေ...!!!
၃၁.၁..၁၈
၇၃-နှစ်မြောက် ဇရာခရီးအစမှာ
တွေးမိလိုက်တာလေး..
???????????????

ဓမ္မဘေရီဆရာတော်
04-12-2023
Facebook