•••••••••••••••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••
ကိုယ်လည်း ငြိမ်းအေး၊ စိတ်လည်း ငြိမ်းအေး ဖြစ်နေတာ၊ ဒီလို ငြိမ်းအေးတာမျိုး မတွေ့ခဲ့ဘူး မခံစားခဲ့ဘူးတဲ့အတွက် ယောဂီက ဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီး
"ငါ လူဖြစ်ရကျိုးနပ်ပြီဟေ့" လို့တောင် စိတ်ထဲက ဥဒါန်းကျူးတတ်တယ်။ မသာယာမိဖို့ သတိထားရတယ်။ သာယာမိရင် တရားက ရှေ့ကိုဆက်ပြီး မတိုးတက်တော့ဘူး။
ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်နေရင် ဖြစ်မှန်း သိ ပေး၊
ငြိမ်းအေးတယ် ငြိမ်းအေးတယ် (ဒါမှမဟုတ်) ချမ်းသာတယ် ချမ်းသာတယ် လို့ရှုမှတ်ပစ်ရတယ်၊
ယောဂီအများစုက ဗောဇ္ဈင်တရား ဖြစ်လို့ဖြစ်မှန်း မသိကြဘူး၊ ဗောဇ္ဈင်တရားကို ရှုမှတ်တာဟာ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပဲဆိုတာလည်း သိပ်မသိကြဘူး။
ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း(၇)ပါးကိုတော့ အကျဉ်းချုံးပြီးပဲ ပြောတော့မယ်၊
(၁) သင့်မြတ်တဲ့အစာအဟာရကို မှီဝဲရမယ်၊ ကိုယ့်ကျန်းမာရေးနဲ့ မတည့်တဲ့အစားအစာဆို
မစားပဲ ရှောင်သင့်ရင် ရှောင်ရတယ်၊
(၂) ရာသီဥတုမျှတအောင် မှီဝဲနေထိုင်ရမယ်၊ ပူအိုက်ရင် ချည်ထည် ပါးပါးဝတ်၊ အေးရင် အနွေးထည်ဝတ်တဲ့အပြင် ခြုံထည်လေး ကိုယ်မှာပတ်ပြီးထိုင်ရတယ်၊
(၃) ဣရိယာပုထ်မျှအောင် အားထုတ်ရတယ်၊ ထိုင်မှတ် တစ်ခုတည်း အားမထုတ်သင့်ဘူး၊ စင်္ကြံလျှောက်ပြီးလည်းမှတ်ရတယ်၊ မတ်တပ်ရပ်ပြီးလည်း မှတ်ရတယ်၊ တစ်ခါတရံ ခုံမှာထိုင်ပြီးလည်း မှတ်ရတယ်။
(၄) မယုတ်မလွန် မှန်မှန်အားထုတ်ရမယ်၊ ကောက်ရိုးမီးလို မဖြစ်ရဘူး၊
(၅) ကိုယ်ကြမ်း နှတ်ကြမ်းတဲ့သူကို ရှောင်ရမယ်
(၆) ကိုယ်နှုတ်သိမ်မွေ့တဲ့သူကို ပေါင်းရမယ်
(၇) ပဿဒ္ဓိဖြစ်ခြင်းအကြောင်းတရားများကို ဆင်ခြင်ရမယ်၊ (ယောနိသောမနသိကာရ)
ဘောဇဉ်ဥတု၊ နေထိုင်မှု၊ မှီပြုသင့်မြတ်ရာ။
မလွန်မယုတ်၊လုံ့လထုတ်၊ကြမ်းကြုတ်သူရှောင်ပါ။ ငြိမ်းအေးသူတွင်၊ မှီဝဲယှဉ်၊ ထိုတွင်စိတ်ညွှတ်ပါ။ ပဿဒ္ဓိပွါး၊ ခုနစ်ပါး၊ ညွှန်ကြားဋ္ဌကထာ။
--------------------------
••••••••••••••••••••••••••••••
ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါမှာ အာရုံကို ကြံမှု သုံးသပ်ဆင်ခြင်မှု မရှိတော့ဘဲ ပေါ်လာသမျှအာရုံကို မှတ်သိရုံမျှ မှတ်သိသွားတယ်။
အဲဒီအခါ မှာ ပီတိ သုခ တွေက အလွန်အကဲဖြစ်တယ်။ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘယ်လို ကောင်းမှန်းမသိအောင် ကောင်းနေတတ်တယ်။ စိတ်ပျံ့လွင့်ခြင်းမရှိ ဘဲ တည်ငြိမ်နေတယ်။
ဒါကြောင့် အဲဒီအခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ( ပီတိ သုခ ဧကဂ္ဂတာ)ဆိုတဲ့ အင်္ဂါ (၃)ပါးရှိတဲ့ (ဒုတိယဈာန်)နဲ့ ခပ်တူတူဖြစ်နေတယ်။
မိုးပေါ်ပျံတဲ့ ဈာန် မဟုတ်ဘူး။ မိုးပေါ်ပျံတာက ဈာန်အဘိညာဉ်။ အခု ပြောနေတဲ့ဈာန်က ဈာန် - သမာဓိ။
စိတ်ကို တခုတည်းသောအာရုံမှာ စူးစူးစိုက်စိုက် ရှုနေတာကို ဈာန် လို့ခေါ်တာ။
စူးစိုက်သမှု၊ ကပ်၍ရှု၊ ဈာန်ဟုခေါ်ဝေါ်သည်။
သမထဈာန်၊ ဝိပသ်ဈာန်၊ နှစ်တန်ကွဲပြားသည်။
အဲဒီလို ထက်သန်ထင်ရှားစွာ ဖြစ်လာတဲ့ သမာဓိကိုပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဖြစ်ပေါ်စေတတ်လို့
အရောင်အလင်းအစရှိတဲ့ ဥပက္ကိလေသတွေ ပျောက်သွားတဲ့အခါ မှတ်ရတဲ့အာရုံ အဖြစ် အပျက်တွေကို ရှင်းလင်းပြတ်သားစွာ သိရတဲ့
အဲဒီအခါမှာတော့ နှစ်သိမ့်ဝမ်းမြောက်မှုပီတိ
မပါတော့ဘဲ စိတ်ချမ်းသာမှုက အလွန်အကဲ ထင်ရှားတယ်။ စိတ်လဲ ပျံ့လွင့်ခြင်းမရှိဘဲ
သာပြီးတည်ငြိမ်နေတယ်။
အဲဒီအခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း (သုခ ဧကဂ္ဂတာ)ဆိုတဲ့ အင်္ဂါ၂-ပါးရှိတဲ့(တတိယဈာန်) နဲ့ ခပ်တူတူဖြစ်နေတယ်။
#ဘင်္ဂဉာဏ် အစရှိတဲ့ အထက်ပိုင်းဉာဏ်တွေကျတော့ အများအားဖြင့် စိတ်ရွှင်လန်းဝမ်းသာမှုမရှိဘဲ ဥပေက္ခာနဲ့ ဧကဂ္ဂတာ ထင်ရှားတတ်တယ်
အဲဒီလို အခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း (ဥပေက္ခာ ဧကဂ္ဂတာ)ဆိုတဲ့ အင်္ဂါ၂-ပါးရှိတဲ့ (စတုတ္ထဈာန်)နဲ့ ခပ်တူတူ ဖြစ်နေတယ်။
သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း(၁၁)ပါး ရှိတယ်။
(၁) ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းရမယ်
(၂) ဣန္ဒြေ ညီမျှစေရမယ်
(၃) သမာဓိနိမိတ်ကို နားလည်ရမယ်
(၄) စိတ်ဓာတ်ကျနေရင် ချီးမြှောက်ပေးရမယ်
(၅) စိတ်တက်ကြွလွန်းတဲ့အခါ နှိမ်ပေးရမယ်
(၆) စိတ်လေးလံနေတဲ့အခါ ရွှင်အောင်လုပ်ပေးရမယ်၊
(၇) ဣန္ဒြေညီမျှနေတဲ့အခါ ရှုမြဲတရားကို အလိုက်သင့် ရှုနေရမယ်
(၈) သမာဓိသမ္ဗောဇ္ဈင်ဖြစ်အောင် စိတ်ကို ညွှတ်ပေးရမယ်
(၉) သမာဓိမရှိတဲ့သူကို ရှောင်ရမယ်၊ သမာဓိမရှိတဲ့သူက စကားလိုက်ပြောတတ်တယ်၊ ပြန်ပြောမိတော့ ရှိစုမဲ့စု ကိုယ့်သမာဓိက ပျက်ရော၊
(၁၀) သမာဓိရှိတဲ့သူကို ပေါင်းရတယ်
(၁၁) ဈာန်တရား ဝိမောက္ခတရားများကို ဆင်ခြင်ပေးရမယ်
ဝတ္ထုသန့်စင်၊ ညီမျှယှဉ်၊ ကျွမ်းကျင်နိမိတ်မှာ။
ကြွလျှင်နှိမ်လင့်၊ ကျလျှင်ပင့်၊ ရွှင်သင့်ရွှင်စေရာ
ညီမျှနေလျှင်၊ ရှုမြဲပင်၊ ထိုတွင်စိတ်ညွှတ်ရာ။
ပျံ့လွင့်သူကြဉ်၊ တည်သူယှဉ်၊ ဆင်ခြင်
ဈာန်မောက္ခာ။ သမာဓိပွါး၊ ဆယ့်တစ်ပါး၊
ညွှန်ကြားဋ္ဌကထာ။
-----------------------------
••••••••••••••••••••••••••••••••
သင်္ခါရုပေက္ခာဉာဏ်ရောက်တဲ့အခါ လောဘစွန်းလည်းမရောက်၊ ဒေါသစွန်းလည်း မရောက်ပဲ ကြောင့်ကြမဲ့စွာ အလိုက်သင့်လေး သိရုံမျှ သိရုံမျှ ရှုမှတ်နေတာဟာ ဥပေက္ခာသမ္ဗောဇ္ဈင်ပွားနေတာပဲ၊
စတုတ္ထဈာန်လို သမာဓိက အားကောင်းတယ်၊ ဝိပဿနာဉာဏ်ပညာကလည်း ထိပ်ဆုံးကို ရောက်လာပြီ၊ တစ်ခါထိုင်မှတ်ရင် သုံးနာရီ၊ လေးနာရီကို သက်တောင့်သက်သာ အသာလေးထိုင်မှတ်နိုင်တယ်၊
မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ နီးနေပြီ။ မီးပွတ်တဲ့ ယောက်ျားရဲ့ လုံ့လဝီရိယမျိုး ရှိဖို့လိုတယ်။ မီးထွက်ခါနီးလေ ပိုပြီး ကြိုးစားပွတ်ရလေ။ ဒါမျိုးဖြစ်ရမှာ။
သို့သော် ယောဂီအများစုက ဖြစ်ပျက် မဆုံးမချင်း ဆက်ပြီးအားထုတ်ရမဲ့အစား အိမ်ပြန်ကြတဲ့အတွက် အင်မတန် နှမျောဖို့ကောင်းတယ်။ မဂ်ဉာဏ် ရခါနီးမှ မရတော့ဘူး။
ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်း(၅)ပါးရှိတယ်။
(၁) သတ္တဝါအားလုံး ကံစီမံသလိုဖြစ်ကြရတာဟု ဆင်ခြင်ရမယ်။
(၂) သက်မဲ့ပစ္စည်းတွေ ငါ တကယ်ပိုင်တာ မဟုတ်ဘူးလို့ ဆင်ခြင်ရမယ်။
(၃) သတ္တဝါသင်္ခါရတို့ကို သံယောဇဉ်ကြီးလွန်း ခင်တွယ်လွန်းတဲ့သူကို ရှောင်ကြဉ်ရမယ်
(၄) သတ္တဝါသင်္ခါရတို့ကို သံယောဇဉ်ကြီးလွန်း ခြင်း၊ ခင်တွယ်လွန်းခြင်း မရှိတဲ့တဲ့သူကို ပေါင်းသင်းရမယ်
(၅) ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရားတွေ ကိုဆင်ခြင်ရမယ်(ယောနိသောမနသိကာရ)
ပုဂ္ဂိုလ်ဝတ္ထု၊ လျစ်လျူရှု၊ ညွှတ်မှုထိုတွင်သာ။
ယုယသူအား၊ ပယ်ရှောင်ရှား၊ စိတ်ထားမျှသူ
မှီဝဲပါ။ ဥပေက္ခာပွါး၊ ကြောင်းငါးပါး၊ ညွှန်ကြား ဋ္ဌကထာ။
---------------------------
ဝိပဿနာတရားတွေ ရှုမှတ်ပွါးများနေရင် ဗောဇ္ဈင်တရားတွေ ပွါးပြီးသားဖြစ်သွားပြီးသစ္စာလေးပါးကိုသိမြင်တဲ့ အရိယာပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်။ နိဗ္ဗာန်လည်း ရနိုင်တယ်။
ဥဒယဗ္ဗယဉာဏ်မှာ တော်ရုံတန်ရုံ ရောဂါအသေးစားတွေ ပျောက်ကြတယ်။ သင်္ခါရုပေက္ခာဉာဏ် မှာတော့ ရောဂါကြီးကြီးမားမားတွေတောင် ပျောက်လေ့ရှိပါတယ်။
ဗောဇ္ဈင်တရားတွေ ပွါးများအားထုတ်ပြီး...
မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ
ရောဂါတွေလည်း ပျောက်ကင်းကြပါစေ...
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗောဇ္ဈင်ခုနစ်ပါးတရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်။
(မည်သူမဆို လွတ်လပ်စွာ ထပ်ဆင့်မျှဝေနိုင်ပါသည်)
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု
ဤကောင်းမှုသည် သစ္စာလေးတန်တရားမှန်ကို ပိုင်းခြားထင်ထင်သိမြင်နိုင်သောဗောဓိဉာဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း။