ဗုဒ္ဓဝါဒနဲ့ တရားမျှတမှု

ဓမ္မဘေရီဆရာတော်

☸️?☸️?☸️?
(ဖုန်းနဲ့မေးဖြေခဲ့တာလေး)
?တပည့်တော်လျှောက်ထားချက်များနဲ့ပတ်သက်လို့
အမှားပါရင် ခွင့်လွှတ်ပါဘုရား၊
တပည့်တော်က ဗုဒ္ဓဘာသာပါ၊
ဒီကိစ္စများနဲ့ပတ်သက်လို့လဲ တပည့်တော်တို့က
သံသယဖြစ်လို့မဟုတ်ပါဘူး၊
ဘာသာစုံလူမျိုးစုံဖြစ်တဲ့ ကမ္ဘာ့ပညာရှင်များရဲ
သုံးသပ်ချက်များအပေါ်အခြေခံပြီး
ဒီနေ့ လူအများသိချင်နေတာရယ်၊သိစေချင်တာရယ်..
အဲဒါလေးတွေကို မေးလျှောက်ထားခွင့်ပြုပါဘုရား။
❓ပထမဆုံးသိချင်ကြတာကတော့-
"ဗုဒ္ဓဝါဒနဲ့ တရားမျှတမှု"ပေါ့ဘုရား၊
တရားမျှတမှုဆိုတာ ဥပမာ-
၁* ယောက်ျားနဲ့မိန်းမများအပေါ် ခွဲခြားထားမှုမျိုးတို့..
၂*ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်ကြံနေတဲ့
လုပ်ဆောင်ချက်များဟာ တစ်ကိုယ်ရေလွတ်မြောက်ရေးအတွက်သာဖြစ်ပြီး သူတစ်ပါးအကျိုးကို
ငဲ့ကွက်မှုမရှိတာ၊ သံယောဇဉ်မထားရတာတို့..
၃*ဗုဒ္ဓဘာသာတို့ရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်များဟာခု-ကမ္ဘာကြီးတိုးတက်ကြီးပွားဖို့အတွက်မဟုတ်ဘဲ
ဒီကမ္ဘာ့ဖြစ်စဉ်ကြီးထဲက တစ်ကိုယ်ရေ လွတ်မြောက်ထွက်ခွါနိုင်ရေးကို ဦးတည်ကျင့်ကြံနေတာတို့..
ဆိုတာမျိုးတွေဟာ..
၄*ကမ္ဘာသူကမ္ဘာသားများအပေါ်..
ဘာသာခြားများအပေါ်..
အနဲစုဖြစ်နေတဲ့လူမျိုးနွယ်များအပေါ်..
တရားမျှတမှု ရှိပါရဲ့လား..ဆိုတာတွေပေါ့ဘုရား..။
ဒါတွေက-
ဒီနေ့ ကမ္ဘာ့ပညာရှင်များက ဗုဒ္ဓဘာသာအပေါ်
မှတ်ချက်ချထားတာတွေဖြစ်လို့
ဒီအချက်တွေကို တပည့်တော်တို့ ဗုဒ္ဓဘာသာများအနေနဲ့
ဘယ်လို နားလည်အောင် ပြန်ရှင်းပြနိုင်မလဲဆိုတာ
သိချင်လို့ပါဘုရား။
*တပည့်တော်တို့က "ပြန်လည်ချေပရေး"အတွက်
မဟုတ်ပါဘူးဘုရား..
*အချင်းချင်းနားလည်မှုရအောင်"ပြန်လည်ဆွေးနွေး
ရှင်းပြနိုင်ရေး"အတွက်ပါဘုရား..တဲ့။
(အတော်မွန်မွန်ရည်ရည်ရှိတဲ့
ပညာတတ်လူငယ်တစ်ဦးရဲ မေးလျှောက်လွှာလေးပါ။
နံပါတ်စဉ်များကတော့ မေးခွန်းတွေရှင်းအောင်
ကိုယ်ကပဲ ခွဲပြီးမှတ်လိုက်တာပါ)
(ကိုယ်ဉာဏ်မီသလောက် ဖြေလိုက်ခဲ့တာကတော့-...)
✅နံပါတ်စဉ်၁*အရပြောရရင်..
ကျားမ ခွဲခြားမှုဟာ
(က)သဘာဝ(ကံ,ဥပါဒါန်)အရ ကွဲပြားတာရယ်၊
(ခ)ဘာသာတရား ခွဲခြားတာရယ် နှစ်မျိုးရှိပါတယ်၊
သဘာဝအရကွဲပြားလာတာကို တူညီဖို့က ဖြစ်လဲ
မဖြစ်နိုင်သလို တောင်းလဲ မတောင်းဆိုလောက်ပါဘူး။
ဘာသာတရားက ခွဲခြားမှုမှာ-
ပင်ရင်းမူလဗုဒ္ဓဘာသာရဲ့အစဉ်အလာကို
ဘယ်မှာပဲလေ့လာကြည့်ကြည့်..
"သဗ္ဗညုဘုရားရှင်"ဖြစ်ခွင့်ကလွဲလို့
အမြင့်ဆုံး လက်ဝဲရံ,လက်ျာရံကစပြီး ကျားမ အားလုံး
တန်းတူအခွင့်အရေးရှိပါတယ်။
နေထိုင်ပြောဆိုဆက်ဆံမှုနဲ့ပတ်သက်တဲ့
ဝိနည်းစည်းကမ်းမှာ ခွဲခြားပညတ်ခဲ့တာတွေဟာလဲ
အမျိုးသမီးများရဲ့ ဘဝလုံခြုံရေးနဲ့ ဂုဏ်သိက္ခာ
ကာကွယ်ရေးအတွက်သာဖြစ်တယ်ဆိုတာ
ထဲထဲဝင်ဝင်နေထိုင်ကြတဲ့အမျိုးသမီး(ဘိက္ခုနီ)များက
သိပါတယ်။
ခု-သာသနာနောက်ပိုင်းမှာ "ဘုရားပေါ်အမျိုးသမီးမတက်ရ"
စတာတွေကတော့ ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းအရ
သတ်မှတ်ထားတာတွေဖြစ်လို့ ဗုဒ္ဓဘာသာနဲ့မဆိုင်ပါဘူး၊
ဒေသနဲ့လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းနဲ့သာဆိုင်တဲ့ကိစ္စပါ။
❓ဒီအယူအဆရော ဘယ်လိုပေါ်လာတာဖြစ်မလဲဘုရာ့။
✅အကြောင်းတွေအမျိုးမျိုးရှိနိုင်ပါတယ်၊
ပိဋကတ်တော်ရဲ့သုံးသပ်ချက်အရတော့-
*ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဓပ္ပသန္နော ဟောတိ၊
အဝတ်ထုသ်မိံ ပသီဒတိ=
ပညာနုံ့ပြီး သဒ္ဓါလွန်ကြသူများဟာ ဝေဝါးတဲ့ယုံကြည်မှု
ဖြစ်တတ်တယ်၊
(သဒ္ဓါမစစ် တဏှာညစ်ဖြင့် မစစ်မမှန်ကြည်ညိုတတ်တယ်)၊
"အဝတ္ထုသ္မိံ ပသီဒတိ-ဆိုတာ အရာမဟုတ်တဲ့နေရာမှာ
သဒ္ဓါလွန်တတ်တယ်"လို့ပြောတာပါ။
("မယောင်ရာ ဆီလူး"တတ်တယ်လို့ပြောတာပါပဲ)။
သိတဲ့အတိုင်းပဲလေ၊
လိုက်နာရမယ့်ကိုယ်ကျင့်သီလပိုင်းထက်
အရေးမပါပဲတင်းကျပ်ထားတဲ့
စည်းကမ်းကြီးတွေထုတ်ပြီး
ရေးကြီးခွင့်ကျယ်လိုလိုနဲ့လူတွေအထင်ကြီးအောင်လုပ်တာတွေက
ဒေသအသီးသီး၊နယ်အသီးသီးမှာရှိကြတာပဲ။
မိုးကြိုးပစ်တော့မလိုလို၊ရေတွေလွှမ်းကုန်တော့မလိုလိုတွေပေါ့။
လူတွေကလဲ ဒါမျိုးမှအထင်တကြီး
စိတ်ဝင်စားတတ်ကြတာလဲရှိတယ်။
“လူခပမာဏိက=ခက်ခဲပင်ပန်းတယ်၊
လူတိုင်းလုပ်နိုင်တာမဟုတ်ဘူး”ဆိုတာမျိုးပေါ့။
❓ကျားမ သဘာဝအရကွဲပြားရတာကိုရော
ဗုဒ္ဓဘာသာအရ-
"ကံအကောင်းအညံ့လိုက်ပြီး ကွဲပြားရတယ်"လို့
ဆိုလိုပါသလား..ဘုရား။
✅အဲလိုမဟုတ်ပါဘူး၊
လူဖြစ်ရတယ်၊တိရစ္ဆာန်ဖြစ်ရတယ်-စတဲ့
ဘုံဘဝဖြစ်ရမှုကသာ "ကံ"နဲ့ပတ်သက်ပါတယ်။
ကျားမ ဖြစ်ရမှုက"ဥပါဒါန်"နဲ့သာဆိုင်ပါတယ်၊
အထင်ရှားဆုံးက-
"ယသောဓရာ"ဟာ"သုမိတ္တာ"ဘဝကတည်းက
ပါရမီဖြည့်ဘက် မိန်းမသားဘဝကိုပဲ ဥပါဒါန်ကပ်ပြီး
ဆုပန်ခဲ့လို့ ဘယ်ဘဝရောက်ရောက် သူ့ဥပါဒါန်အတိုင်း
"အမ"ချည်းဖြစ်လာတာပါ။
နောက်တစ်ဦးဖြစ်တဲ့"ဒေဝဒတ်"ဟာလဲ
"ရွဲကုန်သည်(သေရိယဝါဏိဇ)ဇာတ်ကတည်းက
ယောက်ျားအဖြစ်နဲ့ကလဲ့စားချေဖို့ ဥပါဒါန်နဲ့ဆုတောင်းခဲ့တဲ့
အတိုင်း ဖြစ်ရာဘဝမှာ"အထီး"ချည်းဖြစ်နေတာကို
ကြည့်ရင်သိသာပါတယ်။
("ဘယ်လို တန်ခိုးပါဝါအာဏာမှ ဝင်မစွက်ဘဲ
ကိုယ့်ကံ,ဥပါဒါန်အတိုင်းဖြစ်ရတယ်"ဆိုတဲ့
ဗုဒ္ဓဝါဒဟာ တရားမျှတမှုမရှိဘူးလို့ယူဆစရာ
ကျုပ်တို့တော့ မမြင်မိပါဘူး)
*ဘုရားရှင်ဖြစ်ခွင့်ကလွဲလို့ ကျားမ တန်းတူအခွင့်အရေး
ပေးထားတာကိုလဲ
ဗုဒ္ဓဘာသာမှာသာသိသိသာသာတွေ့နိုင်တယ်-လို့
ထင်ပါတယ်။
✳️မေးခွန်းလွတ် ဖြည့်စွက်ပြောဖြစ်တာလေးကတော့-
(ခု-"ကျားမ တန်းတူအခွင့်အရေး"လို့အော်နေကြတာကလဲ
ကိုယ့်ဥပါဒါန်ကိုယ် ပြန်မမြင်နိုင်ကြလို့သာ အော်နေကြပုံ
ရပါတယ်ဗျာ..
ယသော်ဓရာတို့..လက်ဝဲလက်ျာထေရီအလောင်းအလျာတို့လိုအမျိုးသမီးတွေကိုသာ
"ယောက်ျားနဲ့တန်းတူဖြစ်ချင်ကြပါသလား"လို့သွားမေးရင်..(နိုး..အန်တီကတော့ နိုး နိုးပါလို့)ငြင်းဆန်ကြမှာမလွဲပါဘူး။
ကံရဲ့အကျိုးတွေဟာ ဘက်မလိုက်တဲ့တန်းတူအခွင့်
ရှိကြတာချည်းဖြစ်လို့ "ကျားနဲ့မ"ဆိုတာလဲ
အားသာချက်,အားနည်းချက်ကိုယ်စီနဲ့ တန်းတူအခွင့်အရေး ရှိကြမှာပါ။
တချို့နေရာတွေမှာ"မ"ကတောင်သာပုံရပါတယ်၊)။
✅၂*အချက်
"ဗုဒ္ဓဘာသာဝင်တို့ဟာ-
တစ်ကိုယ်ရေလွတ်မြောက်မှုအတွက်သာကြည့်ပြီး
သူတစ်ပါးအကျိုးကို ငဲ့ကွက်မှုမရှိဘူး"ဆိုတဲ့
ကောချက်ကတော့-အလွန်ကိုလွဲမှားတဲ့ကောက်ချက်ပါ။
ဗုဒ္ဓစာပေတွေကို လေ့လာကြည့်ရင် အခြေခံအနေနဲ့
ပါရမီစဖြည့်ကတည်းက-
၁+"လောကတ္ထစရိယ=လောကအကျိုးက ပထမ"၊
၂+ဉာတတ္ထစရိယ=အမျိုးအနွယ်ကျိုးက ဒုတိယ"၊
၃+ဗုဒ္ဓတ္ထစရိယ=ဘုရားဖြစ်ဖို့က တတိယ"အဖြစ်
ခံယူကျင့်သုံးခဲ့တာပါ။
ဘုရားဖြစ်ပြီးနောက် တပည့်များကို သွန်သင်ထားတဲ့
ဒါန,သီလ..စတဲ့အခြေခံအကျင့်တွေမှာလဲ-
"ဒါန=သူတစ်ပါးလိုအပ်ချက်ကို မိမိစွမ်းနိုင်သမျှကူညီ"။
"သီလ=သူတစ်ပါးထိခိုက်နစ်နာမှုရှိတဲ့ အပြော,အလုပ်မှန်သမျှ
ကိုယ်ကျိုးဘယ်လောက်ရနေနေ လုံးဝမပြုရ"ဆိုတာကိုကြည့်ရင်..
*ဗုဒ္ဓဝါဒကျင့်စဉ်မှန်သမျှ
သူတစ်ပါးအကျိုး ငဲ့ကွက်မှုက ပဓာန"လို့သာ ဆိုရမှာပါ။
(✳️လောကရဲ့အကျိုးက ပထမ-ဆိုတဲ့ထဲမှာ
လူသားများသာမက သက်ရှိလောကကြီးတစ်ခုလုံး
"ပိုးရွ ခြပုန်းမကျန်"လို့ဆိုထားတဲ့အတွက်
လူနည်းစုမျိုးနွယ်များအပေါ်ဖိနှိပ်မှုဟာ ဗုဒ္ဓဝါဒက
အထူးရှုတ်ချတဲ့လုပ်ရပ်ပါ။
*အဟိံသာ ပရမော ဓမ္မာ=တရားအားလုံးထက်
မညှင်းဆဲမရက်စက်ခြင်းက အသာဆုံး(ဦးစားပေး)"ဆိုတာ..
အိန္ဒိယကမြစ်ဖျားခံခဲ့တဲ့ဘာသာကြီးနှစ်ခုလုံးမှာ
အလေးထားတယ်လို့ထင်ပါတယ်။)
✅၃*အချက်-
ဗုဒ္ဓဘာသာဝင်တို့ရဲ့လုပ်ဆောင်(ကျင့်သုံး)မှုများဟာ
ကမ္ဘာ့တိုးတက်မှုအတွက်မဟုတ်ဘဲ တစ်ကိုယ်ရေ
ကမ္ဘာကရုန်းထွက်ဖို့သာဆိုတဲ့သဘောကလဲ
အဲလိုမဟုတ်ပါဘူး၊
၁+ဒါနကြောင်း,သီလကြောင်း,ရရှိမယ့် လောကီကောင်းကျိုးချမ်းသာနဲ့ လောကငြိမ်းချမ်းသာယာရေး..စတဲ့
လောကရဲ့ သာယာပျော်ရွှင်ဘွယ်(အဿာဒ)ပိုင်းက
စပြီး
၂+အပြစ်နဲ့ချွတ်ယွင်းချက်မကင်းတဲ့(အာဒီနဝ)ပိုင်း၊
၃+ဒီအခြေအနေဆိုးတို့က လွတ်မြောက်စေနိုင်တဲ့
(နိဿရဏ)ပိုင်းဆိုပြီးအစဉ်အတိုင်း(အနုပုဗ္ဗိကထာ)
ဟောခဲ့တာပါ။
ကျင့်သုံးကြတာလဲ ဒီအစဉ်အတိုင်းသာဖြစ်လို့
ဒီနေ့ကမ္ဘာမှာ"ဗုဒ္ဓဘာသာ"ရယ်လို့တွေ့နေရတာပေါ့။
ကမ္ဘာလောကက ထွက်မြောက်ရေးအတွက်သာ
ကျင့်ကြမယ်ဆိုရင် ဗုဒ္ဓဘာသာတိုင်း ရဟန္တာတွေချည်း
ဖြစ်ကုန်လို့ခုလောက်ဆို
ဗုဒ္ဓဘာသာတောင် ကွယ်ပျောက်လောက်ပြီပေါ့။
(မေးတဲ့လူငယ်က ရယ်တယ်)
✅၄*အချက်-
အခြားဘာသာများအပေါ်နဲ့ လူနည်းစုများအပေါ်
ဗုဒ္ဓဘာသာတို့ရဲ့သဘောထားနဲ့ပတ်သက်လို့ကတော့-
အထက်မှာပြောခဲ့တာတွေထောက်ပြီးတော့လဲ
စဉ်းစားလို့ရလောက်ပါပြီ။
အထူးသဖြင့် ဗုဒ္ဓဘုရားရှင်ရဲ့လမ်းညွှန်ချက်ထဲမှာ
အချင်းချင်းဆက်ဆံရေးအပေါ်သဘောထားနဲ့ပတ်သက်လို့-
*န ပရော ပရံ နိကုဗ္ဗေထ=
အချင်းချင်း လှည့်ဖြားချောက်ချား မပြုကြပါနှင့်!
*နာတိမညထေ ကတ်ထစိ နံ ကိဉ်စိ=
အချင်းချင်း မထီမဲ့မြင် နိုင်ထက်စီးနင်း မလုပ်ကြပါနှင့်!
*ဗျာရောသနာပဋိဃသည နညမညဿ ဒုက္ခမိစ္ဆေယျ=
အချင်းချင်း ဆင်းရဲပျက်စီးစေလိုခြင်း ကင်းကြပါစေ.."ဆိုတဲ့
ဆက်ဆံရေးမူသုံးချက်ဟာ ဗုဒ္ဓဘာသာမှာသာ
အလေးအနက် ချမှတ်ထားတာရှိပါတယ်။
တကယ်လို့သာ ဘာသာကြီးလေးခုအချင်းချင်းရော..
ကမ္ဘာ့နိုင်ငံ အချင်းချင်းရော..
လူသားအချင်းချင်းရော..
လူသားနဲ့ သတ္တလောက,(သက်ရှိများ)၊
သြကာသလောက(ကမ္ဘာမြေပြင်)အပေါ်မှာရော
ဒီအခြေခံမူသုံးချက်နဲ့အညီသာ ကျင့်ကြံကြမယ်
ဆိုရင်..
ကမ္ဘာမြေတစ်ဝှန်းလုံး ဗြာဟ္မစိုရ်မိုးတွေနဲ့
စိမ်းလန်းစိုပြေ အေးချမ်းနေမယ်လို့ ကျုပ်တော့
လုံးဝ(လုံးဝ)ယုံကြည်ပါတယ်။
ဟုတ်,မဟုတ် စမ်းကြည့်ချင်တယ်ဆိုရင်..
ကျုပ်စိတ်ထဲဖြစ်တဲ့ဆန္ဒပေါ့ဗျာ..
ကမ္ဘာ့ဘာသာကြီးတွေဆိုတာကို
ဘာသာရေးဇာတ်ခုံကြီးပေါ်တင်ပြီး
တာဝန်ရှိသူဇာတ်ဆောင်များကသာ
ကိုယ့်ဘာသာရေးဇာတ်ညွှန်းအတိုင်း
အပီအပြင်သရုပ်ဆောင်ပြကြမယ်...
ကမ္ဘာသားအားလုံးကလဲ-
"ဘာသာဝင်"ဆိုတဲ့ဆိုင်းဘုတ်တွေ ဖြုတ်ထားကြပြီး
အားလုံးတူညီတဲ့လူသားများမဖြစ်နဲ့ ဘက်မလိုက်
ပရိသတ်များအဖြစ် ကြည့်နေကြမယ်ဆိုရင်...
ဗုဒ္ဓရဲ့ဇာတ်ညွှန်းအတိုင်းသရုပ်ဆောင်နိုင်သူများဟာ
ကမ္ဘာသားတို့ရဲ့ သြဘာလက်ခုပ် အရဆုံးဖြစ်မယ်..လို့
ကျုပ် မုချပြောရဲတယ်ဗျာ..။
❓မှန်ပါ တပည့်တော်တို့ကလဲ အဲလို စင်မြင့်ပေါ်
တက်နိုင်အောင်လို့ ခုလိုမေးရတာပါဘုရား..။
✅အေးကွာ..
မောင်ရင်တို့ ခေတ်ပညာတတ်လူငယ်လေးတွေပဲ
အားကိုးနေရတယ်ဟေ့..
တကယ်တမ်းသာ "ကမ္ဘာ့ဘာသာရေးဇာတ်ခုံကြီး"..
ဆိုတာဖြစ်လာလို့ ကိုယ့်ဇာတ်လမ်းကိုယ်
သရုပ်ဆောင်ကြ..!ဆိုရင်လဲ
တခြားဘာသာဝင်သရုပ်ဆောင်တွေက
ကမ္ဘာသိစကားတွေ ပြောပြီးသရုပ်ဆောင်နိုင်ကြပေမယ့်
ကိုယ်လဲအပါအဝင်တို့ဘာသာဝင်ဇာတ်လိုက်များက
ကမ္ဘာ့စကားချို့တဲ့လို့-စကားနဲ့လဲပြောမပြနိုင်..
သရုပ်ဆောင်ပြပုံကလဲ
ဇာတ်ညွှန်းနဲ့ခွင်မကျ"ဆိုသလိုကြီး
ဖြစ်သွားမဲ့အခြေအနေကြီးကို
ကျော်လွှားနိုင်အောင်ကြိုးစားနိုင်မှ
တန်ကာကျမယ်။..!
ကဲ.!
ကြိုးစားကြ.!
ကြိုးစားကြတာပေါ့ကွာ..
နောက်လဲ သိလိုတာ ခုလိုပဲ မက်ဆင်ဂျာကနေ
မေးပေါ့.!
ခုတော့ နားကြဦးစို့..
အပ်ပမာဒနေ သမ်ပာဒထေ...!!!
၁၁.၄.၁၈
မုဒိတာရွှေကျောင်း၊ဟေးဝဒ်၊
(မြန်မာပြည်မှာတည်းမေးဖြေခဲ့တာ၊
မအားလို့ ခုမှဖြေလိုက်ရတယ်၊
ကမန်းကတန်းမို့
မပြည့်စုံတာ အစွန်းမလွတ်တာများရှိခဲ့ရင်
ရေးဖေါ်ညီအကိုတို့ကလဲ
‘ဥပနေတဗ္ဗ;အပနေတဗ္ဗ’ကိုစီစစ်ဖြည့်စွက်
ပြင်ဆင်လိုက်ကြပါဦး)
☸️??✝️☪️?✡️♊️♎️♉️♍️♈️?☸️
 

 

 

 

ဓမ္မဘေရီဆရာတော်
04-12-2023
Facebook