ကိုယ့်အမြင်နဲ့ ကိုယ့်ဘဝကိုယ် ဆင်ခြင်မိတာပါ..
အမိဝမ်းကစ လေးငါးနှစ်အရွယ်ထိက
အသက်ရှင်ရေး စတင် "မွေးမြူရတဲ့ကာလ"၊
လေးငါးနှစ်သားကစပြီး နှစ်ဆယ်(အစိတ်)အရွယ်ထိက
ဘဝဆက်လက်ရှင်သန်အောင် မွေးမြူနိုင်ရေးအတွက်
"လေ့ကျင့်သင်ကြားရေးကာလ"၊
နှစ်ဆယ်ကျော်အစိတ်အရွယ်ကစပြီး
ခြောက်ဆယ်ကျော် (ခုနှစ်ဆယ်တွင်း)အထိက
(တစ်ကိုယ်ရေအတွက် ဖြစ်စေ၊ သားမယား မိသားစုအတွက် ဖြစ်စေ)
စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေရတဲ့ "အရုန်းကာလ" ဆိုရမှာပါပဲ။
အဲ..ခြောက်ဆယ့်ငါး(ခုနှစ်ဆယ်)ကျော်လာချိန်..
ဒီအချိန်က သိပ်ကိုအရေးကြီးပါတယ်။
ဒီအချိန်ဟာ ဘဝအတွက်ထက် ဓမ္မအတွက် ခန္ဓာကိုယ်ကို
အေးအေးဆေးဆေး အဓိပ္ပါယ်ရှိရှိ အသုံးချရမယ့် "အသုံးချကာလ"ပဲ။
ဟုတ်တယ်..
ကျုပ်စဉ်းစားမိသလောက်တော့-
ဘဝမှာ-ကိုယ့်အားကိုယ်ကိုးအဖြစ် အရေးအကြီးဆုံးကာလနှစ်ခုရှိတယ်လို့ ခံယူပါတယ်။
"သင်ကြားရေးကာလ" နဲ့ "အသုံးချရေးကာလ"တို့ပါပဲ။
သင်ကြားရေးကာလက-
ဘဝရပ်တည်မှုဖြစ်တဲ့ စားဝတ်နေရေး,ကျန်းမာရေးအတွက်။
"တစ်ဘဝရိက္ခာတွက်"ဆိုပါတော့။
"အသက်မွေးမှု,တစ်ခုပညာ,ကိုယ်စီပါ"ဆိုတဲ့အတိုင်းပါပဲ။
"အသုံးချရေးကာလ"ဆိုတာကတော့-
မင်္ဂလာတရားတော်များအတိုင်း ပြောရရင်..
ဂါရဝေါ စ နိဝါတော စ-ကစပြီးတော့ပေါ့၊
ကျောင်းကန်ဘုရား, တရားဓမ္မအထိ..
ရိပ်သာဝင်, တရားထိုင် အားလုံးပါပဲ။
"သံသရာ့ရိက္ခာ"လို့ပြောချင်လည်း ပြောနိုင်ပါတယ်။
တကယ်တော့ ကိုယ်ဖြစ်ရာဘုံဘဝမှာ-
"ကျွန်ုပ် ဒီဘုံဌာနမှာ ဖြစ်ခဲ့ဖူးပါသည်.."လို့
သားစဉ်မြေးဆက်ပြောရစ်စရာ
လောကကျိုး၊ သာသနာကျိုး၊ ဘဝကျိုးဆောင်ရွက်ချက်များပါပဲ။
ဒါသည်ပင်..သံသရာ့ရိက္ခာလည်း မုချဖြစ်ပါတယ်။
ဒီအပိုင်းလေးပိုင်းကို တွေးမိတာပါ။
အားမှ မင်္ဂလသုတ်နဲ့ တွဲရေးရမယ်..။
အပ္ပမာဒေန သမ္ပာဒေထ !!!
၈.၄.၁၇
ထေရဝါဒပရိယတ္တိကျောင်း၊ တိုကျို၊ ဂျပန်