သဘာဝကို ခွဲခြမ်းစိတ်ဖြာ ရှုမြင်သုံးသတ်တဲ့ သဘောကို
"အဘိဓမ္မာ = သာမန်ထက်ပိုမိုသိမြင်မှု"လို့ခေါ်ဆိုသတ်မှတ်ပါတယ်။
အဘိဓမ္မာဟာ အခြေခံအားဖြင့်
(၁) "နှစ်ခုမရှိ တစ်ခုသာ(ပဓာန)ဖြစ်တယ်" လို့မြင်တဲ့ "အဒွိတ္တအဘိဓမ္မာ"ရယ်၊
(၂) "တစ်ခုတည်းမဟုတ် နှစ်ခုအစုံလိုက်ရှိတယ်"လို့မြင်တဲ့ "ဒွိတ္တအဘိဓမ္မာ"ရယ်လို့ နှစ်မျိုးု ကွဲပြားတယ်။
နောက်တစ်ဆင့်-
(၁) အဒွိတ္တအဘိဓမ္မာမှာလဲ..
(က) ရုပ်တခုသာ ပဓာနလို့ ထင်မြင်ယူဆတဲ့ "ရူပအဒွိတ္တ အဘိဓမ္မာ"နဲ့
(ခ) နာမ်တခုသာ ပဓာနလို့ ထင်မြင်ယူဆတဲ့ "နာမအဒွိတ္တ အဘိဓမ္မာ"ဆိုပြီး နှစ်မျိုးထပ်ကွဲပါတယ်။
(က) ကွန်မြူနစ်ဝါဒလို့ အသိများတဲ့ "ရုပ်ဝါဒီ"တွေဟာ "ရူပအဒွိတ္တ အဘိဓမ္မာ"ကို လက်ခံသူများပါ။
(ခ)ဗုဒ္ဓဘာသာမှတပါး တန်ခိုးရှင်ကိုကိုးကွယ်တဲ့ ပုဂ္ဂိုလ်များဟာ "နာမအဒွိတ္တ အဘိဓမ္မာ"ကို လက်ခံယုံကြည်သူများ ဖြစ်ပါတယ်။
----------------------------------
(၂) ဗုဒ္ဓဘာသာကို စတင်ဖေါ်ထုတ်ခဲ့တဲ့မြတ်စွာဘုရားရှင်နဲ့ တပည့်သားစဉ်ဆက်တို့က
"ရုပ်နာမ်နှစ်ခု ပဓာနအခြေခံ"ဆိုတဲ့-
"ဒွိတ္တ အဘိဓမ္မာ"ကို လက်ခံကြတဲ့ပုဂ္ဂိုလ်များပါ။
ခန္ဓာကိုယ်ရဲ့အတွင်းမှာ ရုပ်နာမ်ဆိုတဲ့အခြေခံ
နှစ်ခုရှိသလို ဒီခန္ဓာကိုယ်နဲ့ အပြင်လောက
ဆက်ဆံတဲ့အခါမှာလဲ (လောကထဲမှာတော့)အရာရာဟာ
နှစ်မျိုးနှစ်စားစီချည်း ရှိနေပါတယ်။
လှတာ ,အကြည်းတန်တာ၊ကျေနပ်စရာ ,မကျေနပ်စရာ၊
ချစ်စရာ ,မုန်းစရာ၊ ချစ်စရာ ,မကောင်းတာ..စသည်ပေါ့။
ဒီခန္ဓာကိုယ်နဲ့ လုပ်ဆောင်သမျှဟာလဲ (လောကီနယ်ပယ်အတွင်းမှာတော့)
ကောင်းတာနဲ့ မကောင်းတာလို့နှစ်မျိုးပဲ ရှိတာပါပဲ။
တိုတိုချုပ်ကတော့-
ဗုဒ္ဓအဘိဓမ္မာသဘောအရပြင်ပမှာ မြင်,ကြား,နံ,စား,ထိ,သိသမျှဟာ
ခုပြောခဲ့တဲ့ နှစ်မျိုးစီကလွဲလို့ မရှိပါဘူး။
လုပ်ဆောင်ချက်ဆိုတဲ့ ကံတွေကို အဓိကပြောချင်ပါတယ်။
ကိုယ် လုပ်ဆောင်နိုင်သမျှဟာ.. ထားတဲ့စေတနာအလျောက်
"အလုပ်သည် ကံ၊ ကံသည်အလုပ်"ဆိုသလို ကံနှစ်မျိုး တမျိုးမျိုး ဖြစ်သွားမှာပါ။
ကုသိုလ် သို့မဟုတ် အကုသိုလ်ပေါ့။
ဗုဒ္ဓဘာသာတိုင်း ကုသိုလ်က ဘယ်လိုအကျိုးပေးတယ်၊
အကုသိုလ်က ဘယ်လိုအကျိုးပေးတယ်ဆိုတာလဲ သိကြပြီးသားတွေပါ။
မြတ်ဗုဒ္ဓအလိုတော်အရက-
ကိုယ့်အကြိုက် ကိုယ့်အကျိုးကိုသာ
ငဲ့ကွက်ပြုလုပ်တဲ့ အလုပ်တိုင်းဟာ.."ငါ"ဆိုတဲ့"အတ္တ"ကို ပဓာနထားတဲ့အတွက်
အခြေခံ အရ မှားယွင်းတဲ့ မိစ္ဆာအမြင်ဖြစ်တယ်။
ဒီအမြင်အခြေခံနဲ့ လုပ်ဆောင်သမျှဟာလဲ မကောင်းတဲ့ အကုသိုလ်ကံများသာဖြစ်စေပါတယ်။
ဘဝကိုမြင့်တက်စေဖို့ရည်ရွယ်သူ(ပါရမီဖြစ်လိုသူ) မှန်သမျှဟာ-
သူတပါး(အများ)အကျိုးရှိရေးဆိုတဲ့ခံယူချက်ကို ခံယူဖို့လိုပါတယ်။
မြတ်ဗုဒ္ဓကိုယ်တောတိုင်လဲ ပါရမီဖြည့်စဉ်ကာလ
တလျောက်"လောကတ္ထစရိယ"ဆိုတဲ့ အများကျိုးကိုသာ ပဓာနထားလုပ်ဆောင်တော်မူခဲ့တာကို ကြည့်ရင် သဘောပေါက်ကြမှာပါ။
-----------------------------
အခုဆို ရွှေပြည်ကြီးမှာ ပြည်သူတွေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကြီးတခု ချရတော့မှာ။
ပြည်သူတွေရဲ့ အနာဂတ် ကောင်းကျိုး ဆိုးပြစ်တွေ အသဲကြားလက်နက်ပေါ်မှာ တည်နေတဲ့အချိန်။
ဘယ်စံနဲ့ဆုံးဖြတ်မလဲ?
ငါနဲ့သင့်မြတ်သူ၊ငါအလိုလိုက်လျောသူ၊ ငါ့အတွက် တွက်ခြေကိုက်မယ်သူ-ဆိုတဲ့ စံနဲ့တိုင်းသူလဲရှိတယ်။
မြတ်ဗုဒ္ဓကိုယ်တော်တိုင်က--
“ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ = အများအကျိုးဆောင်ဖို့, အများချမ်းသာဖို့,လောကကို သနားစောင့်ရှောက်ဖို့ (ဇွတ်အတင်း နိုင်ထက်စီးနင်းစောင့်ရှောက်တယ်ဆိုပြီး စွက်ဖက်ဖို့မဟုတ်)လို့ ဟောညွှန်ထားတဲ့အတိုင်း မိမိရဲ့ ဆုံးဖြတ်ချက်များဟာ "ပြည်သူ့အကျိုးသာ ပဓာန"ဆိုတဲ့ "စံ"ကို လက်မလွတ်ကြဖို့ အထူးသတိပြုရမှာပါ။
ဘယ်လိုပဲ "ဇိကုတ်နတ်ပြည်တင်တယ်"ပဲဆိုဆို
သာသနာ့ဘောင် ဝင်ရောက်ပြီး သာသနာ့ဝန်
ထမ်းဆောင်ရာမှာတောင်-
"အနုညာတောသိ မာတာပိတူဟိ = မိဖတို့က အနူးအညွတ်
ခွင့်ပြုပါရဲ့လား"လို့ စိစစ်ရန် ညွှန်ကြားတော်မူခဲ့တဲ့
ဘုရားရှင်မူကို မကျော်လွန်စေဘဲ ပြည်သူအများရဲ့
အကျိုးစီးပွားနဲ ဆန္ဒအမှန်ကို လေးစားသင့်ပါတယ်။
ဒွိတ္တအဘိဓမ္မာသဘောအရ သူ့အကျိုးကိုမငဲ့ကွက် ကိုယ်ကျိုးသက်သက်ကြည့်ပြီး ဆုံးဖြတ်ခြင်းဟာ ဗုဒ္ဓအဘိဓမ္မာအရ ရေရှည်ကောင်းကျိုး မဖြစ်ထွန်းဘဲ နောင်တငရဲ ကျစေတဲ့ဆုံးဖြတ်ချက်သာဖြစ်သွားနိုင်လို့ပါ။
"ကုက္ကုစ္စ =ပြုလိုက်မိတဲ့ ဒုစရိုက်,မပြုလိုက်မိတဲ့ သုစရိုက်တို့ကိုတွေးပြီး ပူပန်နေရခြင်း"ဆိုတာ လောကငရဲပါ။
ဆင်ခြေသည် ကံမဟုတ်၊
စေတနာသာ ကံဖြစ်တယ်-လို့ ဗုဒ္ဓကမိန့်ပါတယ်။
အပ္ပမာဒေန သမ္ပာဒေထ...!
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
၁၀.၂၀.၁၅၊ဖရီးမောင့်။