ဘယ်သူ့ဆီကမှ ဘာကိုမှမရချင်ဘူး

သစ္စာရွှေစည်ဆရာတော်

ဆင်းရဲတယ်ဆိုတာ
အကြောင်းတွေရှိလို့ဆင်းရဲတာ။
အလကားဆင်းရဲနေတာမဟုတ်ဘူး။
စိတ်ဆင်းရဲခြင်းရဲ့
အဓိကအကျဆုံးအကြောင်းတရားက
လိုချင်တယ်,ရချင်တယ်,ဖြစ်ချင်တယ်ဆိုတဲ့
လောဘပဲ။

လူတွေထင်တာက
ကိုယ်လိုချင်တာမရလို့,
ကိုယ်ဖြစ်ချင်တာမဖြစ်လို့ ဆင်းရဲတာ လို့
ထင်နေကြတာ။
အမှန်က မရလို့ ဆင်းရဲတာမဟုတ်ဘူး
ရချင် လို့ဆင်းရဲတာ။
မရလို့ဆင်းရဲတာလို့ထင်နေရင်တော့
မရတိုင်းဆင်းရဲနေရမှာပဲ။
ရချင်လို့ဆင်းရဲတာလို့သိမှ
အမှန်သိလို့ခေါ်တာ။
ရချင်စိတ်ကိုလျှော့လိုက်တာနဲ့
ဆင်းရဲလည်းလျော့သွားတာပဲ။
ဒါ သဘာဝ ပဲ။

ဒီနေရာမှာ
ရချင်တယ် ဆိုတာ
အမျိုးမျိုးရှိတယ်။
ပစ္စည်းဥစ္စာကိုရချင်တယ်,
ဂုဏ်ပကာသနကိုရချင်တယ်,
ထင်ပေါ်ကျော်ကြားမှုကိုရချင်တယ်,
သူများရဲ့ အထင်ကြီးမှု,
လေးစားမှု,တန်းဖိုးထားမှု,
ချစ်ခင်မှု,မြတ်နိုးမှု,
အသိအမှတ်ပြုမှု တွေကိုရချင်တယ်။
လောဘရဲ့ နယ်က အကျယ်ကြီး။

ဘာကိုပဲ ရချင်ရချင်
ရချင်နေရင်တော့ ဆင်းရဲရမှာပဲ။
လောဘ ဆိုတာ
သူလိုတာ မရတော့လည်း
မရလို့ ဆင်းရဲစေတယ်။
ရတော့လည်း
ရပြီးသား အဲဒီအရာကို
သိပ်မခံစားတော့ဘဲနဲ့
နောက်ထပ် သူလိုချင်တာတစ်ခုကို
ထပ်ပြီးတော့တောင်းဆိုတယ်။
အဲဒါ မရမချင်း
ရချင်စိတ်နဲ့ ပူလောင်စေတယ်။
အဲဒါ ရသွားရင်လည်း
နောက်တစ်ခု ထပ်တောင်းမယ်။
အဲလိုနဲ့ပဲ
နောက်တစ်ခု,နောက်တစ်ခု နဲ့
ဘယ်တော့မှ မပြီးဘူး။
လောဘ ဆိုတာ ဘယ်တော့မှ
ဝတယ်လို့မရှိဘူး။

နောက်တစ်ခု ဆိုးတာက
လောဘ ဖြစ်လာပြီဆိုရင်
တကယ်မလိုအပ်ဘဲနဲ့လိုအပ်တယ် လို့
ထင်နေတဲ့ကိစ္စပဲ။

တစ်ချို့ဟာတွေဆိုရင်
မရမနေနိုင် အသဲအသန် ရအောင်
ကြိုးစားခဲ့တယ်။
ရလည်းရရော့ ချောင်ထိုးထားတယ်။
တချို့တလေဆို ရှိမှန်းတောင်မသိတော့ဘူး။
တကယ် မလိုအပ်ဘဲနဲ့ အပိုတွေကို
ရှာဖွေရင်း,သိမ်းဆီးရင်း,
စောင့်ရှောက်ရင်းနဲ့ပဲအချိန်ကုန်စေတယ်။

လောဘအကြောင်း
ကောင်းကောင်းနားလည်လေ
လောဘနည်းလေပဲ။
လောဘနည်းလေ သက်သာလေပဲ။

"ဘယ်သူ့ဆီကမှ ဘာကိုမှမရချင်ဘူး"လို့
စိတ်ကူးကြည့်စမ်းပါ။
ဘယ်လောက်ပေါ့သွားမလဲ။

"ဘာကိုမှ"ဆိုတာထဲမှာ
အသိမှတ်ပြုမှုတွေ,လေးစားမှုတွေ,
ချစ်ခင်မှုတွေ,မြတ်နိုးမှုတွေ
အကုန်ပါတယ် ။

အများစုက
အဲဒါတွေ ရချင်နေလို့ ဆင်းရဲနေတာ။
အဲဒါတွေမရလို့ ဆင်းရဲနေတာ။
အဲဒါတွေရအောင်လုပ်ရင်းနဲ့ပင်ပန်းနေတာ။

လိုရင်းပြောရရင်
ဘာကိုပဲလိုချင်လိုချင်
လိုချင်နေရင်တော့ ဆင်းရဲရမယ်။
လိုချင်ခြင်းဟာ ဆင်းရဲခြင်းရဲအကြောင်းပဲ။
အဲဒါဟာ အချိန်မရွေး,နေရာမရွေး,
လူမျိုးမရွေး,ဘာသာမရွေး
အားလုံးအတွက် အမှန်းတရားပဲ။

"လိုချင်မှုက အကြောင်း,
ဆင်းရဲမှုက အကျိုး"

သဘာဝတရားတွေဆိုတာ စက်တွေလိုပဲ။
ဒီခလုပ်နှိပ်လိုက်ရင် ဒီအလုပ်လုပ်မှာ။
ကား ဆိုပါတော့ -
လီဗာနင်းလိုက်ရင်တော့
ရှေ့မှာ ဘယ်သူရှိရှိ
ဘာရှိရှိ တိုက်ပစ်လိုက်မှာပဲ။
ကားပေါ်မှာ ဘယ်လိုလူပဲပါပါ
တိုက်ပစ်မှာပဲ။
ဘယ်သူ့ကိုမှ
ငဲ့ညှာ ထောက်ထားတဲ့သဘောမရှိဘူး။

သဘာဝတရားတွေဟာလည်း
ဒီတိုင်းပဲ ။
ဒီအကြောင်းရှိရင် ဒီအကျိုးဖြစ်မှာ။
ဘယ်သူမှမငဲ့ညှာဘူး။

ဆင်းရဲစရာ အကြောင်းများရင်
ဆင်းရဲများမှာပဲ။
ဆင်းရဲစရာ အကြောင်းနည်းရင်
ဆင်းရဲနည်းမှာပဲ။
ဆင်းရဲစရာ အကြောင်းချုပ်ရင်
ဆင်းရဲချုပ်မှာပဲ။

စိတ်မဆင်းရဲအောင်
ကိုယ့်စိတ်ကို မှန်မှန်ကန်ကန်သိပြီး
ကိုင်တွယ်တတ်ဖို့လိုတယ်။
စိတ်ထားတတ်ရင် မဆင်းရဲပါဘူး။

အရှင်ဥတ္တမ
(သစ္စာရွှေစည်)


28-2-2018

သစ္စာရွှေစည်ဆရာတော်
02-28-2018
Facebook