လောက နဲ့ လောဘ

ဓမ္မဘေရီဆရာတော်

??????????
 
လောကထဲက ရုန်းမထွက်နိုင်ကြတာဟာ
'လောဘ'ကြောင့်ဖြစ်သလို..
လောကထဲမှာ လူရာဝင်ပြီး
နေပျော်ထိုင်ပျော်ဖြစ်နေကြတာလဲ
'လောဘ'ကြောင့်ပါပဲ။
လောဘမရှိရင် -
လောကထဲမှာ သက်ရှင်နေထိုင်ဖို့ကို
မလွယ်ပါဘူး၊
စားဝတ်နေရေး,ကျန်းမာရေးဆိုတဲ့
လောကရဲ့အထောက်အပံ့အတွက်က
လောဘနဲ့ပဲရှာဖွေကြိုးစားရတာကိုး..။
နောက်တစ်ခုက-လောကထဲမှာ
လောဘကြောင့်လူရာဝင်ရတာရှိသလို..
လောဘကြောင့်ပဲ လောကရဲ့အောက်တန်းအကျဆုံးအပါယ်ဘုံထိကျသွားရတာလဲ
ရှိပြန်တယ်။
ဒါကြောင့် ဘုရားအဆူဆူတို့ရဲ့ ပထမဆုံး
တရားဦးဒေသနာတော်မှာ-
"လောဘကြီးတတ်အောင်"ပထမဆုံး
ဟောတော်မူရတာဖြစ်မယ်ထင်ပါတယ်။
ဒီအကြောင်း..ဒေးဒရဲနိကာယ်သင်တန်း၊
ညပိုင်းစကားဝိုင်းမှာစကားစပ်မိကြတော့-
တရားဓမ္မဗဟုသုတအထိုက်အလျောက်ရှိတဲ့
ဒကာကြီးက-
"တရားဦးဓမ္မစကြာကို တပည့်တော်
မြန်မာလိုအဓိပ္ပါယ်ပါသိပြီး မပြတ်ရွတ်ပါတယ်၊
အဲဒီထဲမှာ'လောဘကြီးတတ်အောင်'ရယ်လို့
ဟောထားတာမတွေ့မိပါဘူးဘုရား။
ပြီးတော့..ဒါကိုပထဆုံးဟောတယ်ဆိုတာက
ပိုပြီးနာမလည်စရာဖြစ်ပါတယ်"လို့လျှောက်ပါတယ်။
သင်တန်းရဲ့နာယကဖြစ်တဲ့-နတ်မှီဆရာတော်ကြီးက-
"ဒကာကြီးက လောဘကြီးတတ်အောင်နဲ့
ပထမဆုံးဟောပုံကို သဘောမပေါက်လို့ပါ၊
မဂ္ဂင်ရှစ်ပါးထဲက'သမ္မာအာဇီဝ=တရားနဲ့အညီအသက်မွေးခြင်း'ဆိုတာ ဘာပြောတာလဲ၊
'အသက်မွေးတယ်'ဆိုတာ စီးပွားဥစ္စာရှာရတာမှို့လား၊
ဒါကိုလောဘမပါဘဲရှာလို့ရမလား၊
သတ္တဝါတိုင်း မရှာမဖြစ်ရှာရမှာပဲ။
အဲဒီလိုရှာကြရာမှာ'သမ္မာ=တရားနဲ့အညီ'ဆိုတာ
လောဘကြီးနည်းပေါ့။
ဒါကြောင့် လောဘအကြီးစားတွေဖြစ်တဲ့
ရှင်ဘုရင်တွေ၊သူဌေးကုန်သည်တွေ
ဘုရားရှင်ရှေ့မှောက်မှာ ဝိုင်းဝိုင်လည်
ကြည်ညိုကြတာပေါ့။
(ဒီအကြောင်း ဆရာတော်နဲ့
ရာဟုလာသံကစ္စည်းဆွေးနွေးတဲ့ကိစ္စမှာလဲ
ပြောခဲ့ဖူးပါတယ်။)
'ပထမဆုံး'လို့ဆိုရတာကတော့-
မဂ္ဂင်ရှစ်ပါးကို သိက္ခာသုံးပါးနဲ့ခွဲလိုက်တဲ့အခါ-
'သမ္မာအာဇီဝ'ပါတဲ့'သီလသိက္ခာ'က
ပထမဆုံးကျင့်ရတာမဟုတ်လား"ဆိုပြီး
ရှင်းပြပါတယ်။
ဒကာကြီးက-
"တင်ပါ့ သဘောပေါက်ပါပြီ၊
ဟုတ်သားပဲ၊အနာထပိဏ်တို့၊ဝိသာခါတို့စတဲ့
သောတာပန်အရိယာသူဌေးတွေလဲ
လှည်းပေါင်းငါးရာနဲ့ကုန်သွယ်ရောင်းဝယ်လုပ်ကြတာပဲ"ဆိုပြီး
လက်ခံကျေနပ်သွားပါတယ်။
သင်တန်းနည်းပြ၊ကွင်းကျောင်းဆရာတော်ကလဲ-
လောကက အပြီးလွတ်အောင်မရုန်းနိုင်သေးတောင်
အပါယ်ကလွတ်အောင်ရုန်းနိုင်ဖို့ပြောနေတာ
ဒကာကြီး.."လို့ဖြည့်စွက်ပြောပြပါတယ်။
လောကထဲကအလွတ်မရုန်းနိုင်သေးသမျှတော့
လောဘကိုတရားနဲ့အညီကြီးတတ်ဖို့လိုပါတယ်။
အဘိဓမ္မဒေသနာမှာ လောဘကိုအကောင်းအဆိုး
မခွဲခြားပေမယ့်..
သုတ္တန်ဒေသနာမှာတော့-
"တရားနဲ့မညီတာကို'ဝိသမလောဘ၊
တရားနဲ့ညီတာကို'သမလောဘ'လို့
ခွဲထားပါတယ်။
အပါယဘေးနဲ့ဝေးအောင်
လောဘကြီးတတ်ကြပါစေ..
၂၃.၂.၂၃
(ဒီအကြောင်းအရင်ကလဲရေးခဲ့ဖူးပေမယ့်..
ဒီနေ့စွဲလေးကိုအမှတ်တရဖြစ်လို့
ထပ်ရေးလိုက်တာပါ။)
??????☸️??????☸️
 

 

 

 

ဓမ္မဘေရီဆရာတော်
02-23-2023
Facebook