အာရုံငါးပါး(ကာဂုဏ်တရား) နဲ့ မဇ္စျိမပဋိပဒါ

ဓမ္မဘေရီဆရာတော်

??☸️??☸️??☸️
 
ဒီမနက်(၁၉.၄.၁၈)
ပေါ့တလန်က ဖလော်ရီဒါသွားဖို့ လေဆိပ်အဆင်း
သီရိမင်္ဂလာဆရာတော် အရှင်သိရိန္ဒ..
တပည့် အရှင်နေမိန္ဒာလင်္ကာရာဘိဝံသ(သိမ်တောင်)တို့နဲ့
ကားပေါ်မှာစပ်မိကြတဲ့ ဓမ္မစကားလေးပါ။
လူတွေက"ကာမဂုဏ်တရား"လို့ဆိုလိုက်ရင်
အလွန်ရင့်သည်းတဲ့စကားလို့ပဲ ထင်တတ်ကြတယ်၊
"အာရုံငါးပါး"တို့ကိုပဲ"နှစ်သက်(တပ်မက်)စရာ"ဆိုတဲ့
အဓိပ္ပါယ်အရ ခေါ်ကြပြောကြတယ်ဆိုတာ
အဘိဓမ္မာသင်ဖူးသူမဟုတ်ကြရင်
နားလည်သူအတော်နည်းသေးတယ်။
အဲဒီတော့"ကာမသုခကိုခံစားတယ်"လို့ပြောလိုက်ရင်
လူတို့အတွက်တောင်"အတော်ရင့်သည်း"တယ်၊
ရဟန်းတော်တို့နဲ့ဆို"လားလားမှ မအပ်စပ်"လို့
ထင်သွားကြတော့တာ။
တကယ်လို့များ
"ရဟန်းတော်များလဲ ကာမသုခကိုခံစားပြီး အသက်ရှင်သန်
နေကြရတာပါပဲ"လို့များပြောလိုက်ရင်-
"ဒီလူ ကွန်မြူနစ်လား,မိစ္ဆာဒိဋ္ဌိလား"ဆိုပြီး စွပ်စွဲမှာ
သေချာပေါက်ပဲ။
"ကာမဘုံသားမှန်သမျှ သဗ္ဗညုဘုရားရှင်ကအစ
သက်ရှိအားလုံးဟာ'ကာမ'လို့ခေါ်တဲ့'အာရုံငါးပါး'
အထောက်အပံ့ရမှသာ အသက်ရှင်သန်ခွင့်ရကြတယ်"
ဆိုတာက အဘိဓမ္မကိုစနစ်တကျသင်ဖူးမှသာ
သဘောပေါက်နိုင်ကြတာကိုး။
အမှန်က 'ကာမသုခ(အာရုံငါးပါး)ကိုသုံးဆောင်ရာမှာ-
"ကာမသုခလ္လိကရယ်,သဘာဝရယ်,ဓမ္မရယ်လို့
သုံးမျိုးသုံးစားရှိတယ်"လို့ သုံးမျိုးရှိတာကိုတော့-
ရှင်ရဟန်းတို့ရဲ့ အစာအာဟရသုံးဆောင်တိုင်း
ဆင်ခြင်ရတဲ့"ပိဏ္ဍပါတပစ္စဝေက္ခဏာ"လင်္ကာကို
သဘောပေါက်မှ ပိုနားလည်သဘောပေါက်မှာ။
အဲဒီလင်္ကာမှာ-
ဤသည့်စားဖွယ်,အမယ်မယ်ကို..
"မြူးရယ်မာန်ကြွ,လှပရေဆင်း,ပြည့်ဖြိုးခြင်းငှာ"ဆိုတာက
"ကာမသုခလ္လိကာနုယောဂ"အစွန်းရောက်တဲ့
သုံးဆောင်ခြင်းပဲ၊
ဒါကြောင့်"မသုံးပါဘူး"လို့"န သေဝိတဗ္ဗ"အဖြစ်ဆိုထားတာ။
"လေးဖြာဓာတ်ဆောင်,ဤကိုယ်ကောင်သည်,
ရှည်အောင်တည်လျက်,အသက်မျှတမ်း,မမောပန်းငြား"
ဆိုတာက"သဘာဝသုခ"အဖြစ်နဲ့သုံးတဲ့သဘော၊
ဒါက ကာမဘုံသားမှန်သမျှရဲ့"သဘာဝသက်ထိမ်းကိစ္စ"ပဲ။
"ဘုရားသာသနာ,ကျင့်နှစ်ဖြာကို,ကျင့်ပါနိုင်စေ.."
ဆိုတာကတော့"ဓမ္မသုခ"အရသုံးဆောင်တာပါ၊
"ဘုရားသာသနာ,ကျင့်နှစ်ဖြာကို"ဆိုတဲ့အပိုဒ်က
ဒီသဘောထင်ရှားစေပါတယ်။
"ခပ်သိမ်းပြစ်ကို,မဖြစ်လေအောင်"နဲ့
"ချမ်းမြေ့အောင်ဟု"ကတော့ ကာမဂုဏ်တရားငါးပါးတို့ရဲ့
အပြစ်ကင်းတဲ့ ကောင်းကျိုးနှစ်မျိုးပါပဲ။
ဓမ္မစကြာမှာလာတဲ့"အစွန်းနှစ်ပါး"လွတ်ရာ
"မဇ္ဈိမပဋိပဒါ"ကို ညွှန်ပြတဲ့စကားလို့လဲ ဆိုရမယ်။
"ခပ်သိမ်းပြစ်ကို,မဖြစ်လေအောင်"ဆိုတဲ့ဆင်ခြင်မှု
ရှေ့သွားရှိရင်..
အာရုံငါးပါး(စီးပွားဥစ္စာ)ရှာဖွေမှု,ခံစားမှုအားလုံးဟာ
အစွန်းလွတ်တဲ့ ခံစားမှုလို့သာ ဆိုရမှာပါ။
ဒါကြောင့်-
အနာထပိဏ်တို့,ဝိသာခါတို့ရဲ့ "စီးပွားရှာမှု,အိမ်ထောင်မှု"
တို့ဟာ အစွန်းလွတ် ရှာဖွေခံစားမှုလို့ ဆိုနိုင်ပါတယ်။
ဒီလိုမယူရင် "အရိယာပုဂ္ဂိုလ်တွေလဲ အစွန်းတရားနှစ်ပါးနဲ့
မလွတ်ကြပါဘူး"လို့ အယူမှားသွားမှာပေါ့။
ဓမ္မစကြာမှာ-
အစွန်းတရားများကို
"အနရိယော အနတ္ထသံဟိတော=အရိယာတို့လက်မခံတဲ့
အကျိုးမဲ့လမ်းစဉ်"လို့ဆိုထားတဲ့အတွက်လဲ..
အရိယာတို့လက်ခံတဲ့ "ပြစ်လွတ်ကျိုးရှိ"ခံစားမှုကို
"ပြစ်မဲ့ကျိုးရ မဇ္ဈိမပဋိပဒါနည်းကျ"လို့ သဘောပေါက်ရမှာပါ။
လင်္ကာရဲ့ နောက်ဆုံးပိုဒ်
"သုံးဆောင် မှိဝဲပါသတည်း.."ဆိုတဲ့စကားက-
"အတ္တကိလမထာနုယောဂ"အစွန်းလွတ်တယ်..ဆိုတာကို
ပြလိုက်ထာပါပဲ။
အစွန်းလွတ်တဲ့ စီးပွားရှာမှု,ခံစားမှုများဟာ-
"ဓမ္မကိုအထောက်အကူပြုတဲ့ မဇ္ဈိမပဋိပဒါနည်းကျ"သာ
ဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာတို့ အထူးသတိပြုသင့်တယ်။
ဒီလိုမဟုတ်ရင်
အစားလဲမဝ၊တရားလဲမရနဲ့"အတ္တကိလမထာနုယောဂ"
သမားများလို သံသရာမျောမဆုံးဖြစ်သွားမယ်..ဆိုတာ
စပ်မိကြပါတယ်။
အပ်ပမာဒနေ သမ်ပာဒထေ...!!!
၁၉.၄.၁၈
ပေါ့တလန်လေဆိပ်၊အော်ရီဂွန်ပြည်နယ်၊ယူအက်စ်
??☸️??☸️??☸️??☸️??☸️

 

ဓမ္မဘေရီဆရာတော်
04-19-2023
Facebook