ဥပုသ်စောင့်ပုံ

မဟာဂန္ဓာရုံ ဆရာတော်ကြီး

" ဥပုသ် " ဟူသော စကားသည်
" ဥပေါသထ " ဟူသော ပါဠိမှကူးစက်လာသော ပါဠိပျက် စကားတည်း၊
◆ ဥပ + ဝသထ ဟု ပုဒ်ခွဲ၊
ဥပ = ညစာ မစားခြင်း, သူ့ အသက်မသတ်ခြင်းစသော အကျင့်ကောင်းနှင့်ပြည့်စုံ၍ ဝသထ=နေခြင်း၊ ညစာမစားခြင်း, သူ့ အသက် မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောသီလကို ခံယူဆောက်တည်၍
◆ ဘုရားဂုဏ်တော် တရားဂုဏ်တော်စသော အာရုံများကို အာရုံပြုကာ【ဘာဝနာပွားလျက်】အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ် စင်ကြယ်အောင် စောင့်စည်း နေထိုင်မှုကို “ဥပုသ်စောင့်” ဟု ခေါ်သည်။
【ဆောင်】
◆ မိမိစိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံအောင့်အည်း တဖြောင့်တည်းဖြင့် စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့်ဟု မှတ်။
၁) နက်ဖန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ် စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင်ခြင်းငှါမလျော်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
၂) ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖန် မိမိ စားဘို့အတွက် ပြောပြ စီစဉ်ထားရာ၏။
ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ​ကောင်းကောင်းစားဘို့က မစီမံသင့်။
၃) ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျှင်
နက်ဖန် ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဘွယ်သောက်ဘွယ်များကို ပြီးစီးအောင် စီမံထားရာ၏။
၄) နက်ဖန်နံနက် အရုဏ်တက်ချိန်ကပင် ကိုယ် လက်များကိုစင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
၅) ပန်းပန်မှု၊ နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
၆) ထိုနောက် ခပ်စောစောကပင် သီလ ဆောက်တည်ရာ၏။
သီလဆောက်တည်သောအခါ
ပါဠိလို နားမလည်လျှင် မြန်မာလိုဆောက်တည်နိုင်ပါသည်၊
ရှစ်ပါးသီလနှုတ်တက် မရလျှင်
“ ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ” ဟု နှုတ်က မိမိဘာသာဆို၍လည်း ဆောက်တည်နိုင်၏။
၇) သီလ ဆောက်တည်ပြီးလျှင်
ကျွေးမွေးလှူဒါန်းဘွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍, မရှိက မိမိအတွက်သင့်တင့်ရုံသာ စီမံ၍ စားသောက်ရာ၏။ တထပ်သာ မက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။
၈) ကျွေးမွေးစားသောက်မှုပြီးလျှင်
ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏။ ကိုယ် စင်ကြယ်မှ စိတ်ကြည်လင် စိတ်ကြည်လင်မှ တရားအာရုံပြု၍ ကောင်းသည်။
၉) ထိုနောက်..မိမိတကိုယ်တည်း နေသင့်သူဖြစ်လျှင်
တကိုယ်တည်း နေ၍ အဖေါ်နှင့် နေသင့်သူဖြစ်က သဘောတူ အဖေါ်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မဥပုသ်ကိုစောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၁၀) တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင်
တရားစာကိုလည်း ကြည့်ရှု ရွတ်ဖတ်နေရာ၏။ ထိုင်၍ချည်း နေရမည်ဟု မဆိုလို၊ လှဲကာ စင်္ကြံသွားကာ အမျိုးမျိုး မျှတအောင် နေစေလို၏။
၁၁) နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ်ရှိလျှင်
တရားနာရာ၏။
၁၂) အချင်းချင်းလည်း တရားစကားဆွေးနွေးမေးမြန်းစုံစမ်းရာ၏။
၁၃) ညဉ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
အောက်မေ့ပုံ
◆ ရဟန္တာအရှင်မြတ်သည်
သူ့အသက်ကိုသတ်ခြင်း၊
သူ့ဥစ္စာကို ခိုးယူခြင်း , လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဉ့်စာစား ပန်းနံ့သာ စသည် လိမ်းမှုများကို မပြုသကဲ့သို့
◆ ငါသည်လည်း ယနေ့အဘို့၌
ထို အမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား”ဟု မိမိကိုယ်ကို အလွန်မြောက်တင်ကာ ရဟန္တာယောက်ျား ရဟန္တာမိန်းမစိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။
၁၄) နံနက် အရုဏ်တက်၌
မိမိရည်မှန်းထားသော အချိန်စေ့သောအခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်။
【ယခုကာလ အချို့ အရပ်မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေဘွယ် မလိုပါ။ 】ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။
ဥပုသ်ကာလ အပိုင်းအခြား
ဥပုသ်သည် ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်- အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊
ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ-
၂ ရက် ၃ ရက် စသည်ဖြစ်စေ၊
တနေ့ တညဉ့်လုံးဖြစ်စေ၊
နေ့ဝက် ညဉ့်ဝက်ဖြစ်စေ၊
တခဏမျှ 【တရားနာခိုက်】ဖြစ်စေ
စောင့်ကောင်းပါသည်။
◆ အနာထပိဏ်သဌေး၏ အလုပ်သမား တယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်းသိရကား ထမင်းကို မစားတော့ဘဲ နေ့တဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ် ဖြစ်ရသည်။
◆ ထိုကြောင့်
တသက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်းပါသည်။
◆ သို့သော် ယခုကာလ
အချို့ တရားပွဲ အလှူမဏ္ဍပ်စသည် ၌ကား “ မဏ္ဍပ်က မထွက်ခင် (၈)ပါးသီလ ဆောက်တည်ကြ ”ဟု ဆိုပြီးလျှင် ဖီးလိမ်းပြင်ဆင်ထားသူတို့အား
◆ မာလာဂန္ဓ ဝိလေပနစသော သိက္ခာပုဒ်ကို ဓမ္မကထိကတို့က ချပေးကြ၏။
“ ဥပုသ်မစောင့်ခင်က ဖီးလိမ်းထားမှုကြောင့် မာလာဂန္ဓ ဝိလေပနသိက္ခာပုဒ် မပျက် ” ဟုလည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျ-မကျ စဉ်းစားကြပါလေ။
ကျမ်းညွှန်း
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ【ရတနာ့ဂုဏ်ရည်】

မဟာဂန္ဓာရုံ ဆရာတော်ကြီး
04-19-2023