သူတို့ကြားက ဆိုရိုးစကား

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)

အနောက်တိုင်းသားတွေ အရှေ့တိုင်းဗုဒ္ဓဘာသာရဲ့ တရားထိုင်နည်းပေါင်းစုံကို လေ့လာကြတယ်။ အများအားဖြင့် ထေရဝါဒ တရားထိုင်နည်း, ဇင်တရားထိုင်နည်း, တိဘက်တရားထိုင်နည်းပေါ့။
ထေရဝါဒ တရားထိုင်နည်းက သတိပဌာန်ကို အဓိကထားပြီး သင်ပေးကြတယ်။ အာရုံအပေါ်မှာ သတိ ကပ်ထားရတယ်။ စိတ်ထဲ ဖြစ်ပေါ်သမျှတွေကိုလဲ အကောင်းအဆိုး ခွဲခြားမနေဘဲ သိအောင်လိုက်ပြီး ရှုကြရတယ်။ ဒါကြောင့် စိတ်ပညာရပ်တွေကို လေ့လာရတာနဲ့ ဆင်တူတယ်။
ဇင်မှာတော့ ကုန်းအန်း(Koan)လို့ ခေါ်တဲ့ တရားထိုင်နည်း။ သူက ခက်ခဲပြီး ပဟေဠိဆန်တဲ့ အရာတွေကို တွေးခေါ်ဖေါ်ထုတ် ကြရတယ်။ ဒီနည်းနဲ့ အသိဉာဏ်ပွင့်စေတယ်လို့ ဆိုတယ်။ ဥပမာ- လေတိုက်လို့ အလံလှုပ်ခတ်နေတာကို ကြည့်ပြီး တရားထိုင်နေတဲ့ ယောဂီက “အလံ လှုပ်ခတ်နေတယ်”လို့ ပြောတယ်။ နောက်တစ်ယောက်က “ဟုတ်ဘူး၊ လေလှုပ်နေတာ”တဲ့။ နောက်တစ်ယောက်က “ဟုတ်ဘူး၊ စိတ်က လှုပ်နေတာ”လို့ ဆိုပြန်တယ်။ အဲသလို ပဟေဠိဆန်တော့ ကဗျာသမားတွေ အတွေးချဲ့သလိုမျိုးနဲ့ သွားတူနေတယ်။
တိဗက်တရားထိုင်နည်းကတော့ စိတ်ကူးယဉ်ပုံရိပ်တွေကို အာရုံပြုကြရတယ်။ သူက နည်းမျိုးစုံတယ်။ တချို့က ပန်းပုံ၊ တချို့က ပင်လယ်လှိုင်းသံ၊တချို့က နတ်ဗိမာန်တွေ စသဖြင့် များစွာရှိတယ်။ ဥပမာ… ပန်းပုံစိတ်ကူးရတဲ့ Flower meditation ဆိုရင် လက်ချောင်းလေးတွေကို ပန်းလေးလို့ လုပ်ထားပြီး စိတ်ကူးထဲမှာ ပန်းပုံလေးကို အာရုံပြုထားတယ်။ အဲဒိပန်းလေး အိုပြီဆို မျိုးစေ့လေး မြေကျ၊ မျိုးစေ့က ပြန်ပေါက်၊ အပင်ဖြစ်၊ အဖူးထွက်၊ ပန်းပြန်ပွင့်… အဲသလို ပန်းသံသရာကို ဆက်တိုက်အာရုံပြု နေရတယ်။
တချို့နည်းက “မဏ္ဍလ”လို့ ခေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်လို စက်ဝိုင်းမှာ ဘုရားပုံတွေကို ရောင်စုံဆေးဆိုးထားတဲ့ သဲမှုန့်နုနုလေးတွေနဲ့ ပုံဖေါ်ကြရတာ။ မွေးနေ့ကိတ်ပေါ်မှာ အလှဆင်တာနဲ့ တူတယ်။ သူ့ရဲ့ ပတ်တန် တွေက မျိုးစုံရှိပြီး, ဆွဲဖို့ အင်မတန် ခက်ခဲတယ်။ သုံး-လေးယောက်လောက် ဝိုင်းလုပ်ရတယ်။ ပါဝင်သူတွေဟာ လုံးဝ စကားမပြောဘဲ စိတ်ငြိမ်ငြိမ်ထားပြီး အနုစိတ် ဆွဲကြရတာ။ ဒီလိုလုပ်ရင်း စိတ်ငြိမ်းချမ်းမှုကို ရတယ်လို့ ဆိုတယ်။ ဒါတော့ သူတို့ နှစ်မျိုးလုံးက အနုပညာ ဆန်တယ်။
ဒီတော့ အနောက်နိုင်ငံသားတွေက ဒီတရားထိုင်နည်း သုံးမျိုးကို လေ့လာပြီး သူတို့ကြားမှာ ဆိုရိုးစကား သုံးလာကြတယ်…
“Vipassana is for psychologists, Zen is for poets, and
Tibetan is for artists” တဲ့။
(Why Buddhism Is True by Robert Wright: p,105)
အဓိပ္ပါယ်ကတော့…
ဝိပဿနာက စိတ်ပညာသမားတွေ အတွက်၊
ဇင်ကတော့ ကဗျာသမားတွေ အတွက်၊
တိဗက်နည်းကတော့ အနုပညာ သမားတွေအတွက်” တဲ့။
ဒီကနေ့ သူတို့က အဲသလို ဆိုရိုးစကား သုံးကြလေရဲ့…။
အရှင်ဩသဓ
မတ်လ ၈-ရက်၊ ၂၀၂၃-ခုနှစ်။

 

 

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)
03-08-2023
Facebook