အနီးမမြင်ဘူး အဝေးတော့ မှုန်ပါတယ်

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)

အနီးမမြင်ဘူး… အဝေးတော့ မှုန်ပါတယ်…
 
တရားအားထုတ်နေကြ ဒကာကြီး တစ်ယောက်က မျက်စိနဲ့ စကားစပ်မိလို့… “တပည့်တော် ဟိုတုန်းက အဝေးဘဲ မှုန်တာဘုရာ။ အခု အသက်ကြီးလာတော့ အနီးရော အဝေးရော နှစ်ခုလုံး မှုန်တယ်ဘုရာ... ဘယ်ဟာမှ သဲသဲကွဲကွဲ မမြင်ဘူး” လို့ လျှောက်သဗျ။
ဒါနဲ့ ကျုပ်ကလဲ “အော်… ဒကာကြီးက တော်သေးတာပေါ့။ ကျုပ်က ငယ်ငယ်ကတယ်လို့ အနီးမှုန်တယ်၊ အဝေးတော့ မမြင်ဘူး”လို့ ဆိုလိုက်တော့ သူက သဘောပေါက်ပြီး ရီတယ်။ သူ့ကို ရီစရာ ပြောလိုက်ပေမဲ့ ဒီဟာက ဘုရားပြောတဲ့အတိုင်း ကိုက်နေတာဘဲလေ…
ကျုပ်တို့ တရားအားထုတ်တဲ့ အခါ ရှုရတာက ခန္ဓာငါးပါး။ ကိုယ်နဲ့အတူ တချိန်လုံး ရှိနေပါလျက်ကယ်နဲ့ ရှုလို့ကို မမြင်နိုင်ဘူး… အဲဒါ အနီးမှုန်ပေါ့။ ကျုပ်တို့မျက်စိမှာ ကိလေသာ တိမ်သလာမြူ အလွန်ထူနေတော့ နီးပေမဲ့ ရေးရေးမှ မမြင်ကြဘူး။ ဒါကြောင့် ဘုရားဖြစ်ပြီးခါစက တရားဟောဖို့ လောကကြီး ကြည့်လိုက်တော့ “သတ္တဝါတွေရဲ့ ဉာဏ်မျက်စိမှာ ကိလေသာမြူတွေ ထူထူထဲထဲ ပိတ်ဖုံးနေတယ်။ ငါဟောမဲ့ သစ္စာတရားက နက်က နက်, ခက်က ခက်။ ဟောရင်လဲ သူတို့ နားလည်မှာ မဟုတ်ပါဘူး။ ပင်ပန်းတာဘဲ ရှိမယ်”လို့ ညီးညူတော်မူတာ ကျုပ်တို့လို့ သတ္တဝါတွေကြောင့် ဖြစ်မယ်။
တနည်း ပြောရရင်လဲ… “နိဗ္ဗာန်ဆိုတာ တလံမျှလောက်ရှိတဲ့ ဟောဒိ ခန္ဓာ ကိုယ်ထဲမှာဘဲ ရှိတယ်”လို့ ဆိုပေမဲ့ သတိမမူရင် (ဝါ) ရှာနည်းမှားနေရင် ယောင်းမ ခါးထိုးရှာနေသလို နီးလျက်နဲ့ ဝေးနေအုံးမှာဘဲဗျ…။ တကယ်တမ်းကြတော့ အဇ္ဈတ္တ-ဗဟိဒ္ဓ (အတွင်း+အပြင်)ဆိုတဲ့ သဘာဝနှစ်မျိုးထဲမှာ နိဗ္ဗာန်ဟာ အပြင်ဆိုတဲ့ ဗဟိဒ္ဓတရားမျိုးဗျ။ နောက်ပြီး “ဒူရေ-သန္တိကေ”ဆိုတဲ့ သဘောတရား နှစ်မျိုးထဲမှာလဲ အသိခက်လို့ (သာမန်လူတို့ အသိနဲ့ ဝေးနေလို့) “ဒူရ = ဝေးသောတရား” လို့ ဟောတော်မူခဲ့တယ်။ အဲသလို နိဗ္ဗာန်ဆိုတာ အဝေးတရားမျိုးမို့ ကျုပ်တို့ ပုထုဇဉ်တွေ ပစ္စက္ခအသိနဲ့ မမြင်နိုင်တာမျိုးကိုတော့ အဝေးမှုန်လို့ ပြောရမယ် ထင်ပါတယ်။ ဒါကြောင့် ကျုပ်တို့ဟာ အနီးမမြင်ဘူး, အဝေးတော့ မှုန်တယ်လို့ ပြောတာပေါ့။
ဟုတ်တယ်။ ဘုရားက “အန္ဓဘူတော အယံ လောကော - ဒီလောကကြီးက ဉာဏ်မျက်စိတွေ ကန်းနေကြတယ် တဲ့။ တနုကေတ္ထ ဝိပဿတိ - သိအောင် အားထုတ်သူ၊ သတိမူမိသူက အလွန်နည်းပါးတော့ ဉာဏ်မျက်စိ ပွင့်ပြီး နိဗ္ဗာန်ရောက်သူတွေလဲ အင်မတန် နည်းသတဲ့”။
ဒါကြောင့်… ဝိပဿနာ မျက်စဉ်းလေး နေ့စဉ်မှန်မှန် ခပ်ခပ်ပေးရင်တော့ အသိဉာဏ်အမြင်တွေ ကြည်လင်လာပြီး ကျုပ်တို့ရဲ့ အနီးမှာရှိနေတဲ့ ခန္ဓာငါးပါးကိုလဲ ဘွားခနဲ မြင်နိုင်ပါလိမ့်မယ်။ ရင့်ကျက်လာရင်တော့ အဝေးမှာ ရှိနေတဲ့ နိဗ္ဗာန်တရားကိုလည်း အရိယာမျက်စိနဲ့ ကိုယ်သိ ထင်ထင်ကြီး တွေ့မြင်လာရမှာပါ။
ဒါကြောင့်…
 
အနီးလဲ ထင်နိုင်ကြပါစေ… အဝေးလဲ မြင်နိုင်ကြပါစေ…
 
အရှင်ဩသဓ
 
ဖေဖေါ်ဝါရီလ ၁၉-ရက်၊ ၂၀၂၂-ခုနှစ်။

 

 

ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရ)
02-19-2022
Facebook