လုံ့လဝီရိယ ကြီးမားစေဖို့

စာရေးသူများ

" လုံ့လဝီရိယ ကြီးမားစေဖို့ "
တရားအားထုတ်တဲ့နေရာမှာ အမြဲတမ်း တက်တက်ကြွကြွ နိူးနိူးကြားကြားရှိဖို့ သိပ်အရေးကြီးပါတယ်။

ကိုယ့်လုံ့လဝီရိယတွေဟာ လက်ယက်တွင်းထဲက ရေတွေလို သုံးလေ ထွက်လေဆိုတာကို နားလည်စေချင်တယ်။

ပေါ့ပေါ့လျော့လျော့နဲ့ဆို တရားမပြောနဲ့ လောကီစီးပွားတောင် ပြည့်စုံဖို့ မလွယ်ကူပါဘူးနော်။

ဒီ အပျင်းဟာ ဘယ်နေရာမှ အသုံးချလို့ မရပါဘူး။ ပျင်းတဲ့သူကတော့ ကြိုက်နေမှာပါပဲ။ ဒီတော့ လုံ့လဝီရိယတွေ တိုးပွားများပြားလာစေဖို့။
ဒါ အဋ္ဌကထာမှာဖွင့်ပြထားတာ ရှိပါတယ်။ ပထမဆုံးက
အပါယဘယ ပစ္စဝေက္ခဏတာ။ အပါယ်ဘေးကို ဆင်ခြင်ပါ။
ဘေးကိုမြင်မှလည်း ဝီရိယအားတွေ တက်လာမှာနော်။
ဘေးမမြင်သေးလို့ ဒီလူတွေ ဒီလောက်ပျော်နေကြတာပါ။
အပါယ်ဆိုတာ တစ်ခါကျသွားရင် တော်တော်နဲ့မလွတ်နိူင်တော့ဘူး။
ဒုတိယအနေနဲ့ အာနိသံသ ဒသဝိဓာ။ ဒီတရားအလုပ်
အားထုတ်ကြလို့ တစ်မဂ်တစ်ဖိုလ်ရသွားရင် အပါယ်ဘေး
ကနေ အပြီးတိုင် ငြိမ်းခွင့်ရကြပြီ။ ဆိုပါစို့၊ တရားရိပ်သာ
သွား ဆယ်ရက် ဆယ်ငါးရက် စသဖြင့်အားထုတ်။ ကိုယ့်
ပါရမီအကြောင်းညီညွတ်လို့ မဂ်ဖိုလ်တွေရကြရင် သိပ်
ကောင်းမြတ်သွားတာပါပဲ။ အကယ်၍ မရသေးရင်တောင်
ပါရမီတွေ တိုးတက်သွားတယ်နော်။ အကျိုးအာနိသင်တွေ
ဆင်ခြင်ပါ။ တကယ်ပြောရင် အများကြီး အကျိုးတွေက။
အကျိုးကိုမြင်မှလည်း ဝီရိယက ကြီးလာနိူင်ပါတယ်နော်။
တတိယအချက်က ဂမနဝီထိ ပစ္စဝေက္ခဏတာ။ ကိုယ်
သွားနေတဲ့လမ်းစဉ်ကို ဆင်ခြင်တာ။ ဒီမဂ္ဂင်လမ်းဆိုတာ
ဒီဘာဝနာအလုပ်ဆိုတာ တော်တော့်လူလုပ်နိူင်တာမျိုး
မဟုတ်ဘူး။ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းကြီး
တွေ သွားကြတဲ့လမ်း။ ဒါဖြင့်ရင် ပေါ့ပေါ့လျော့လျော့နဲ့တော့
မတော်ပါဘူး။ နည်းနည်းမှ မတော်ပါဘူး။ ကြိုးကြိုးပမ်းပမ်း
အားထုတ်ရမှာပဲ။ ဒီတော့ ဝီရိယအားတွေ ပြန်တက်လာ
တယ်။ တိုးပွားကြီးမားလာတယ်။
နောက်တစ်ခုက ပိဏ္ဍပါတာ ပစ္စယတာ ဆိုတာ ရဟန်း
တွေနဲ့ဆိုင်တယ်။ လူတွေနဲ့ရအောင်ကောက်ရင်လည်း
ဖြစ်ပါတယ်။ ဆွမ်းစတဲ့ပစ္စည်းလေးပါး ဆိုတာ ဒကာဒကာမ
တွေက ထောက်ပံ့လှူဒါန်းနေတာ။ ဒါဖြင့် တရားနဲ့ ပြန်ပြီး
ကျေးဇူးဆပ်မယ်၊ ဒီလို။ လူတွေဆိုတာက မိုးလင်းကမိုးချုပ်
ရှာရဖွေရ အလွန်ဒုက္ခများတယ်။ ကိလေသာတွေအဖြစ်ခံ
ပြီးတော့ကို ရှာရသေးတယ်။ ပြီးတော့ ဥုးဇင်းတို့ကို လှူကြ
ပြန်တယ်နော်။ တို့က တရားအားထုတ်ကြတော့ ပျင်းနေလို့
မဖြစ်ဘူး။ သူတို့ကို ကျေးဇူးပြန်ဆပ်မှ။ ကျကျနန အကျိတ်
အနယ် အားထုတ်ကြမှ။ ဘယ်နဲ့လုပ်ပြီး ငိုက်နေလို့ တော်
ပါ့မလဲ။ ဒါမျိုး ဆင်ခြင်တာ။
ငါးခုမြောက်ကျတော့ ဒါယဇ္ဇမဟတ္တ ပစ္စဝေက္ခဏာ
အမွေခံ။ မြတ်စွာဘုရားရဲ့ တရားအမွေခံအဖြစ် ဆင်ခြင်
နှလုံးသွင်းတာ။ ဒါက ဓမ္မအမွေ။ ဝဋ်ဆင်းရဲတွေကနေ
အပြီးလွတ်မြောက်စေတဲ့ တရားအမွေ။ ဒီလို မိမိရဲ့အမွေခံ
အဖြစ်ကိုဆင်ခြင်တော့လည်း ဝီရိယတွေ ကြီးမားလာဖို့
တစ်ကြောင်းပါပဲ။
နောက်တစ်ခု ခြောက်ခုမြောက်ကျတော့ ဆရာရဲ့မြင့်မြတ်
တဲ့အဖြစ်ကို ဆင်ခြင်တာတဲ့။ ဆရာဆိုတော့ ဒီနေရာမှာ
မြတ်စွာဘုရား။ သတ္ထု မဟတ္တ ပစ္စေဝေက္ခဏတာ။ ဆရာရဲ့
ဂုဏ်တွေ မြင့်မြတ်ပုံတွေ စင်ကြယ်ပုံတွေကို အောက်မေ့
တယ်။ ခုနှစ်အချက်က ဇာတိမဟတ္တ ပစ္စေဝေက္ခဏတာ။
အမျိုးဇတ်ရဲ့ မြင့်မြတ်ပုံကို ဆင်ခြင်တာ။ ဒါက ရဟန်းတွေ
နဲ့ ပိုဆိုင်တယ်။ ရဟန်းဖြစ်လာတော့ ဘုရားသားတော်။
ဘုရားမျိုးဆိုတာက သာကီဝင်မင်းမျိုး။ သကျပုတ္တ ဘုရား
သားတော်။ ဒီလိုလည်း ဆင်ခြင်ရတယ်လို့ ဆိုတယ်။
နံပါတ်ရှစ်ကျတော့ တရားကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေကို
ဆင်ခြင်တာ။ ဒီတရားကျင့်ခဲ့ကြတာ အရှင်သာရိပုတ္တရာ
စတဲ့ သူတော်ကောင်းကြီးတွေ။ တကယ့်ကို လုံ့လကြီးကြီး
နဲ့ အားထုတ်သွားခဲ့ကြတာ။ အခုလည်း သူတော်ကောင်း
တွေ ကြိုးကြိုးပမ်းပမ်း အားထုတ်နေကြဆဲ။ ငါတော့
ပေါ့ပေါ့အားထုတ်လို့ မသင့်ပါဘူး။ ဒီလိုဆင်ခြင်တယ်။
နံပါတ်ကိုးနဲ့ တစ်ဆယ်ကျတော့ လုံ့လမရှိတဲ့ နည်းတဲ့
ပျင်းတဲ့လူတွေကို ရှောင်ပါ။ လုံ့လကြီးတဲ့ပုဂ္ဂိုလ်တွေကို
ပေါင်းသင်းပါ။ ဓာတ်ဆိုတာ ကူးတတ်တယ်ကိုး။ အဲဒီ
ပျင်းတဲ့သူက သူ့ဟာသူပျင်းနေတာက ကိစ္စမရှိဘူး။
သူများကိုလည်း အနှောင့်အယှက်ပေးတတ်တယ်နော်။
ဟော...လုံ့လကြီးတဲ့သူကျတော့ ကိုယ်ပျင်းနေရင်တောင်
သူက တိုက်တိုက်တွန်းတွန်းရှိတတ်တယ်။
နောက်ဆုံးတစ်ချက်ကတော့ လုံ့လဝီရိယတွေ ဖြစ်ထွန်း
အောင် စိတ်ကိုညွှတ်ပေးပါ။ ဒါအရေးကြီးတယ်နော်။
ဝီရိယဖြစ်ချင်စိတ်ကို ကြောင့်ကြစိုက်ပေးရမယ်။ စိတ်ကို
ဝီရိယဖြစ်ဖို့ကို တွန်းပေးနေရတယ်။ စုစုပေါင်း ဆယ့်တစ်
ချက်။ ဒီလို အဋ္ဌကထာမှာ ပြထားတာရှိပါတယ်။ ဒါကြောင့်
တရားအားထုတ်တဲ့နေရာမှာ ပျင်းရိပျင်းတွဲနဲ့ အားထုတ်လို့
မရပါဘူး။ ခုခေတ်ကာလကြီးမှာ ဒီလုံ့လဝီရိယဟာ ပိုပြီး
လိုအပ်လာပါတယ်။ မိမိရဲ့ လုံ့လဝီရိယတွေကို ဘယ်မှာ
ညွှတ်ကိုင်းထားသလဲဆိုတာကို အဖန်ဖန် စစ်ဆေးသင့်ပါ
တယ်။
ငြိမ်းချမ်းဖို့ ချမ်းသာဖို့ လွတ်မြောက်ဖို့
ငါတို့ပေးရတဲ့ အဖိုးအခဟာ
မမေ့ မလျော့ မပေါ့ မဆနဲ့
အချိန်တိုင်း နိူးကြားမှုပါပဲ ............ ။
ဩဝါဒပေးစဉ်
ဥုး ဝဏ္ဏိတ။

စာရေးသူများ
06-30-2019